18.1.10

မျှော်လင့်ခြင်း


ဒီနေ့ကုန်ဆုံးသွားပြန်တော့လဲ နောက်နေ့ဆိုတဲ့ မနက်ဖြန် ရောက်လာပြန်တယ်၊ အဲဒီရောက်လာတဲ့ မနက်ဖြန် ကိုလဲ ဒီနေ့ လို့ ဆိုကြရ ပြန်တယ်။ အင်း ချာချာလည်နေတဲ့ ဒီနေ့နဲ့ မနက်ဖြန် အတော်ဒုက္ခပေးတာပဲ။ ဒီနေ့မှာလဲ အလုပ်တွေများချင် များနေမယ်။ အလုပ်မများ ရင်တောင် အတွေးတွေနဲ့ ရှုတ်ယှက်ခတ်နေပြန်ရော။ ဒီအတွေး ဗလချာတွေကြောင့် အလုပ်ကောင်းကောင်း မလုပ်ဖြစ် ပြန်ဘူး။

အကောင်းဘက်ကို ဦးတည်တဲ့အတွေးပဲဖြစ်ဖြစ်၊ မကောင်းတဲ့ဘက်ကို ဦးတည်တဲ့အတွေးပဲဖြစ်ဖြစ် အလုပ် မဖြစ်တာ, အလုပ်ပျက်တာ ကတော့ သေချာတယ်။ အလုပ်မဖြစ်တောင် အကောင်းကို ဦးတည်တယ် ဆိုရင်တော့ တော်သေးတယ်ဆိုရမှာပဲလေ။ “မလုပ်ခင်စဉ်းစား၊ စဉ်းစားပြီးမှလုပ်”လို့ အဆိုရှိတာမို့ လုပ်လိုက် စဉ်းစားလိုက်၊ စဉ်းစားလိုက် လုပ်လိုက်ပေါ့လေ။


“တစ်ခါတရံ အတွေးဟာ ပန်းထုပ်၊ တစ်ခါတရံ ညွှန်ပုတ်” တဲ့။ အကောင်းနဲ့အဆိုးဆိုတာ သဟဇာတ မိဿက အညမညသဘောတွေပဲလေ။ အနန္တရ, သမနန္တရ - သူပြီးသူဆိုတဲ့ သဘောတရားတွေလို့ပဲ ဆိုရမလား။ အတွေးတွေက လည်နေလို့ ပဋိစ္စသမုပ္ပါဒ်သဘောတင် ရတာမှတ်နေတာ။ ပဋ္ဌာန်းဆက်တွေကလဲ ပါနေ ပြန်ရောလား။

ကောင်းတဲ့အတွေးက နေက္ခမ္မသဘော အဗျာပါဒသဘော အ၀ိဟိံသာသဘောရှိပြီး၊ ဆိုးတဲ့ အတွေးကတော့ ကာမသဘော ဗျာပါဒသဘော ၀ိဟိံသာသဘောရှိကြလေရဲ့။ အဖြူနဲ့အမဲ ဤကဲ့သို့ ကွဲကွဲပြားပြားပေါ့။ ဘယ်လိုပေါင်းစပ်နိုင်မလဲ။ ဒါပေမယ့် အဖြူပေါ် အမဲဖောက်ထားတဲ့ စာလုံးလေးတွေဆိုရင်တော့ အတော်လှပေသပ။ အော် ဒီနေ့ရဲ့အတွေးနဲ့ မနက်ဖြန်အတွက်အတွေး ရင်လေးစရာမဖြစ်ရလေအောင် အပြုသဘောဆောင်တဲ့ အတွေးကောင်းလေးတွေဖြစ်ဖို့ ကြိုးစားကြရမယ်လေ။

အတွေးဆိုတာကလဲ မျှော်လင့်ချက်သဘောတရားပေပ။ တစ်ခါ မျှော်လင့်ချက်ဆိုတာကိုလဲ “ဆန္ဒ” လို့ သတ်မှတ်နိုင်တာပဲကိုး။ ဆန္ဒဆိုတာ ဖြစ်ချင်တာ, ရချင်တာပဲလေ။ လူတိုင်းမှာ မျှော်လင့်ချက်နဲ့ ဆန္ဒဆိုတာ ရှိကြစမြဲပါ။
“မျှော်လင့်ချက်နဲ့ အသက်ရှင်နေရတယ်”လို့တောင် ဆိုကြတယ်မဟုတ်လား။ မျှော်လင့်ချက် သို့မဟုတ် ဆန္ဒမရှိတဲ့သူဟာ အသိစိတ်ကင်းမဲ့သူပဲ ဖြစ်ပေမပေါ့။ ကောင်းတာကို မျှော်လင့်တောင့်တကြသလို အသားမရှိတော့တဲ့ အမဲရိုးကို အရသာခံပြီးကိုက်နေတဲ့ခွေးလို ကောင်းမယ်လို့ ထင်တာကိုလဲ တောင့်တချင် တောင့်တကြ လိမ့်မယ်။ ဓားသွားထက်က ပျားရည်စက်ကလေးလိုပါလား-လို့ တွေးမိရင်တော့ ဆန္ဒရှိကြမယ် မထင်ဘူး။ ခက်တာက အဲဒီလို မထင်တတ်ကြတာပဲ။

မျှော်လင့်တိုင်း ဆန္ဒရှိတိုင်းလဲ ဖြစ်ချင်မှဖြစ်မယ်။ “အစိန္တိတမ္ပိ ဘ၀တိ၊ စိန္တိတမ္ပိ ၀ိနဿတိ- မကြံလည်းဖြစ်၊ ကြံလည်းနစ်၏” လို့ ဆိုသမို့လား။ ဖြစ်ရင်တော့ အတိုင်းထက်အလွန် တံခွန်နဲ့ကုက္ကားပဲလေ။ ဘာပြောဖွယ်ရာ ရှိမလဲ။ လူမို့ မျှော်လင့်ကြတာမှန်ပေမယ့် မဖြစ်နိုင်တာကို မျှော်လင့်နေရင်လဲ အသိစိတ်မရှိရာ ရောက်နေမလား ဆိုတာကိုပါ ထည့်သွင်းစဉ်းစားဖို့လိုမယ်ထင်တယ်။ “ဖြစ်ချင်တိုင်းသာ၊ ဖြစ်နေပါက၊ ဘယ်မှာအနိစ္စ ရှိမည်နည်း” ဆိုတဲ့ စကားလေးကလဲ အတော်တာသွားလှပါတယ်။

ဖြစ်တာ မဖြစ်တာနောက်ထား တွေးဖို့က မိမိတို့တာဝန်ပေလေ။ အဲဒီအတွေးထဲမှာ အဆွေးတွေ ရောပါမလာဖို့ပဲ လိုတယ်။ ကောင်းတာကို ကြံစီပါ၊ မျှော်လင့်ပါ။ မိစ္ဆာသင်္ကပ္ပကို ပယ်ရှားနိုင်ပြီးတော့ သမ္မာသင်္ကပ္ပမဂ္ဂင် ဖြစ်ပါတယ်။ အကောင်းကို ဦးတည်တယ်ဆိုသော်လဲ လက်တွေ့မပါတဲ့ တွေးတောမှု, မျှော်လင့်ချက်ကတော့ အဓိပ္ပါယ်မရှိပါဘူး။ အရေးမပါလို့ အရာမထင်တာ မဟုတ်ဘူး၊ အရာမထင်လို့ အရေးမပါ ဖြစ်နေတာ။

အရေးလည်းပါ အရာလည်းထင်အောင် စိတ်ကူး - ဖြစ်ချင်တဲ့ဆန္ဒ - မျှော်လင့်ချက်တွေကို လက်တွေ့ အကောင်အထည်ဖော်ဖို့ လိုအပ်ပါတယ်။ အကောင်အထည်မပေါ်ရင် “အကောင်းထည်” ဆိုတာကို ဘယ်လို သတ်မှတ်နိုင်မှာလဲ? သတ်မှတ်နိုင်ဖို့ မလွယ်ပါ။

တစ်နေ့တာ အတွေးနဲ့ မျှော်လင့်ချက်တွေကို အပျက်သဘော, အဖျက်သဘောဆောင်တဲ့ အကုသိုလ်ဘက်ကို မယိမ်းယိုင်စေဘဲ၊ အပြုသဘောဆောင်တဲ့ ကုသိုလ်ဘက်ကို များများ ဆောင်ကြဉ်းကြပါစို့- မိမိတို့ရဲ့ စိတ်ဓာတ်နဲ့ လုပ်ရပ်ကို နေ့စဉ် ဆန်းစစ်ကြပါစို့လို့ စကားလက်ဆောင်ပါးရင်း -- “စိတ်ဓာတ်-လုပ်ရပ်၊ နှစ်ရပ်ပေါ်မှာ၊ ယုတ်+မြတ်ဟာ၊ တည်တာအမှန်ဖြစ်” ဆိုတဲ့ ဆရာ့စကားလေးနဲ့ မျှော်လင့်ခြင်းကို အဆုံးသတ် လိုက်ပါတယ်။

Print this post

No comments:

Post a Comment