စာပေရဲ့ အနှစ်သာရ, ဘာသာတရားတစ်ခုရဲ့ အတိမ်အနက်ဆိုတာတွေကို သေချာမလေ့လာဘဲ မကြိုက်မနှစ်သက်လို့ မျက်မုန်းကြိုးလို့ အနှစ်သာရကို မရှာဘဲ သို့မဟုတ် အနှစ်သာရတွေကို တွေ့ပါလျှက်နဲ့ ဥပေက္ခာပြုကာ အပြစ်အစအနကိုရှာ အပြစ်မဟုတ်တာကို အပြစ်လုပ်ပြီး အချီးနှီး အကြောင်းမဲ့ ဝေဖန်ပြောဆို ရေးသားမယ်ဆိုရင် ပညာရှိတဲ့သူတွေက စာပေနဲ့ ဘာသာအတိမ်အနက်ကို သေချာလေ့လာထားတဲ့သူတွေက သူ့ဝေဖန်ချက်တွေကို လက်ခံကြမှာ မဟုတ်ပါဘူး။
မည်သူမဆို သူတစ်ပါးမျက်ချေးကိုသာ မြင်တတ်ပြီး၊ ကိုယ့်မျက်ချေးကို မမြင်တတ်ကြပါဘူး၊ သူများ အပြစ်ဆိုရင် အသေးအမွှားလေးကအစ ကြည့်တတ်မြင်တတ်ပြီး၊ ကိုယ့်အပြစ်ဆို တောင်ပုံရာပုံ ဖြစ်နေသော် လည်း မမြင်တတ်ကြပါဘူး။ သူတော်ကောင်းဆိုတာ ကိုယ့်ကိုယ်ကိုပဲ ကြည့်ပါတယ်၊ ကိုယ့်အပြစ်ကိုပဲ ရှုပါတယ်။ သူများအပြစ်ကို မကြည့်ပါဘူး။ သူများအပြစ်မြင်ဦးတော့ ကဲ့ရဲ့လိုစိတ်နဲ့ မမြင်ပါဘူး၊ သနားတဲ့စိတ် ဒါမှမဟုတ် အပြစ်ထပ်မဖြစ်စေချင်တဲ့စိတ်နဲ့ သူ့အပြစ်ကို ထောက်ပြပြောဆိုတာမျိုး ရှိပါလိမ့်မယ်။
သူတစ်ပါးကို အကြောင်းမဲ့သက်သက် အပြစ်တင်ဝေဖန်တတ်သူရဲ့ စိတ်အစဉ်ဟာ ဘယ်သောအခါမှ မငြိမ်းအေးပါဘူး၊ အကြောင်းမဟုတ် အကြောင်းရှာပြီး ပူလောင်နေရတတ်ပါတယ်။ ဒီဘ၀မှာသာ ပူလောင်ခံ ရတာ မဟုတ်ပါဘူး၊ နောင်ဘ၀တွေမှာလည်း ပူလောင်ရမှာပါပဲ။ တကယ်တော့ သူတစ်ပါးကောင်းတာ မကောင်းတာက ကိုယ်နဲ့ဘာမှ မဆိုင်ပါဘူး။ ကောင်းတာတွေရင် ၀မ်းမြောက်ဝမ်းသာစိတ်လေး မွေးလိုက်ရုံပါပဲ။ ကိုယ်ကောင်းရင် ကောင်းကျိုးကို ကိုယ်ခံစားရမယ်၊ ကိုယ်မကောင်းရင် မကောင်းကျိုးကို ကိုယ်ပဲခံစားရမယ်။
ကမ္မနိယာမသဘောတရားအရ “ (ကံ) အလုပ်ဟာ လုပ်သူနဲ့ပဲ တိုက်ရိုက်ဆိုင်တယ်” ဆိုတာ နားလည်တဲ့ သူတွေက သူတစ်ပါးမကောင်းပြစ်ကို တမင်သက်သက် ဝေဖန်လိုစိတ်နဲ့ မကြည့်ပါဘူး။ သနားစာနာတဲ့ စိတ်နဲ့သာ ကြည့်ကောင်းကြည့်ပါလိမ့်မယ်။
ဝေဖန်မယ်ဆိုရင်လည်း အပြုသဘောနဲ့ပဲ ဝေဖန်သင့်ပါတယ်။ အပြုသဘောနဲ့ ဝေဖန်ဖို့ဆိုတာ စာပေရဲ့ အနှစ်သာရ, ဘာသာတရားရဲ့ အတိမ်အနက်ကို သေသေချာချာ လေ့လာပြီးမှ ဝေဖန်ပါ။
Website တွေ အများကြီးထဲက လောလောဆယ် မိမိလေ့လာနေတဲ့ Website တစ်ချို့က ဗုဒ္ဓဘာသာဆိုင်ရာစာပေနဲ့ အနှစ်သာရတွေကို မြောက်များစွာ ပေးစွမ်းနိုင်ပါလိမ့်မယ်။ အကြောင်းအရာ မြောက်များစွာကို ရှာဖွေဖတ်ရှု နိုင်ပါတယ်။
http://www.vipassana.com/canon/
http://www.accesstoinsight.org/index-subject.html#dana
တရားအသိ၊ ကိုယ့်မှာရှိ၊ ငြိမ်းအေးပါဘိလေ။
Print this post
No comments:
Post a Comment