30.11.09

ပြောင်းလဲလာနေတဲ့ ခေတ်ရေစီးကြောင်း


နာရီလက်တံတို့သည် တစ်ပတ်ပြီးတစ်ပတ် ပတ်နေသည်၊ နာရီပတ်ရေ များလာသည်နှင့်အမျှ နေ့တွေ ညတွေ ရက်တွေလတွေ နှစ်အရေအတွက်တွေ ဖြစ်လာခဲ့သည်၊ ခေတ်တွေ တစ်မျိုးပြီးတစ်မျိုး ပြောင်းလဲလာခဲ့ ပြီ၊ သက်မဲ့အရာဝတ္ထုတွေနဲ့ တစ်ပြေးညီညီပဲ သက်ရှိအရာဝတ္ထုတွေလည်း အချိန်ကာလရဲ့ ၀ါးမျိုမှုကို ခံနေရဆဲ။ အချိန်ကာလက တောင်းဆိုလာတာမို့ အပြောင်းအလဲဆိုတာတွေ ဖြစ်ပေါ်လာရသည်။ ဒီအရာကတော့ဖြင့် ဒီအတိုင်းပဲ အမြဲတမ်း တည်ရှိနေရမယ်ဆိုပြီး တစ်သမတ်တည်း, ပုံသေကားကျ လုပ်ထားလိုချင်၍မရ၊ ခေတ် ကာလနဲ့ အံဝင်ဂွင်ကျ မဖြစ်နိုင်တော့ပေ။ ထိုကဲ့သို့ အမြဲ တည်ရှိနေရမည်ဆိုသူတို့၏ ခေတ်မမီတော့ သည့် အတွေးအခေါ်တွေနဲ့ ပြည့်နေသူတို့ရဲ့လုပ်ရပ်ကိုလည်း မျိုးဆက်သစ်တွေက ပြက်လုံးထုတ်စရာတစ်ခု အဖြစ်နဲ့ သာ မှတ်တမ်းတင်ဂုဏ်ပြုကြပါလိမ့်မည်။


ရှေးရိုးစွဲ ၀ါဒီများက မိမိတို့ရဲ့ဝါဒကို မိမိတို့ကိုယ်တိုင်ပင် စုပ်ကိုင်ထားသည်သာမက နောင်လာနောက် သားတွေကိုလည်း သူတို့နည်းတူ ရှေးရိုးစွဲဖြစ်စေဖို့ စည်းရုံးသိမ်းသွင်းကြပါတယ်၊ ဒါပေမယ့် ဘက်စုံ ဖွံ့ဖြိုးတိုးတက်နေတဲ့ ယနေ့ခေတ်မှာ အထွေထွေဗဟုသုတများ အလွယ်တကူ ရယူနိုင်ကြတဲ့ လူငယ်တွေက လက်တွေ့လည်းမကျ, ခေတ်နဲ့လည်း သဟဇာတမဖြစ်တော့တဲ့ ရှေးရိုးစွဲတို့ရဲ့ ၀ါဒတွေကို တွန်းလှန်ပြီး သဘော ထားကြီးသော၊ အတွေးအခေါ်သစ်များကိုလက်ခံသော၊ အစွန်းမရောက်သော မဇ္ဈိမ၀ါဒကို လက်ခံကျင့်သုံး လာကြသဖြင့် ပိုမိုတိုးတက်မှုတွေကို ကမ္ဘာတစ်ဝှမ်း မျက်ဝါးထင်ထင် မြင်တွေ့နေကြရပါပြီ။ “စီးဆင်းမှုမရှိဘဲ ငြိမ်သက်နေတဲ့ရေဟာ သန့်ရှင်းမှုမရှိသလို အန္တရာယ်များပြားပြီး ကြောက်စရာလဲကောင်းလှပါတယ်၊ တစ်သွင်သွင် စီးဆင်းနေတဲ့ရေကတော့ အမှိုက်သရိုက်တွေကို ဖယ်ရှား မျောပါသွားစေသဖြင့် သန့်ရှင်းပြီး မြင်ရသူတွေအဖို့ စိတ်ကြည်လင် အေးချမ်းမှုကိုလည်း ဖြစ်စေနိုင်၏၊” ဆိုတဲ့ ဥပမာလေးနဲ့ နှိုင်းယှဉ်ကြည့်သင့် ပါတယ်။ “ရှေးထုံးကို မပယ်နဲ့” ဟုဆိုသော်လည်း ပယ်ဖို့မလိုအပ်ရင်တော့ ဒီအတိုင်းပဲထားပြီး၊ ပယ်ဖို့လိုအပ်ရင် ပယ်ရမယ်, ပြောင်းလဲသင့်ရင် ပြောင်းလဲရမယ်။ တိုးတက်မှုသဘောတွေကို မြင်တွေ့ရမယ်ဆိုရင် အစဉ်အလာ ဆိုတာကို ဖျောက်ဖျက်သင့်တဲ့ အခါ ဖျောက်ဖျက်ပေးရပါတယ်။

အပြုသဘောဖြင့် ဆန်းစစ်ကြည့်ကြပါစို့ ---
သက်ရှိသတ္တ၀ါတို့သည် နံနက် အိပ်ရာနိုးချိန်ကနေ ညအိပ်ရာဝင်ချိန်အထိ စိတ်ရဲ့ လှုံ့ဆော်မှုကို လုပ်ဆောင်ချက်တစ်ခုအဖြစ် ပေါ်ပေါက်လာအောင် အတွေးကိုယ်စီ, အလုပ်ကိုယ်စီနဲ့ ကျင်လည်ကျက်စား လှုပ်ရှားနေကြတာပါ၊ ဒီ လှုပ်ရှားမှုတွေထဲမှာ ဒွိတ္တ၀ါဒသဘောတရားအရ အကြောင်းအကျိုးတွေထဲမှာ အကောင်းအဆိုးတွေ ရောပါနေတတ်တာဟာ သဘာဝပါ၊ လက်တွေ့လှုပ်ရှားမှုတွေ မဖြစ်ပေါ်သေးခင် အတွေး အစဉ်ကတည်းက ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပေါ်မလာအောင် ဟန့်တားနိုင်ဖို့ ဆင်ခြင်ခြင်း၊ သုံးသပ်ခြင်း စွမ်းအားကို လက်ကိုင်ပြုရမှာ ဖြစ်ပါတယ်၊ ဒီ စွမ်းအားကို တကယ်အသုံးပြုလိုက်တဲ့အခါမှာ ယထာဘူတ အမြင်တွေ ရလာမှာသေချာပါတယ်၊ ဒီအမြင်က အသင့်တော်ဆုံး, အကောင်းဆုံး, အပြည့်စုံဆုံးဖြစ်တဲ့ အခြေအနေတစ်ခုထိရောက်အောင် ဆောင်ကြဉ်းပေးမှာဖြစ်ပါတယ်။ ယနေ့ခေတ် မြန်မာနိုင်ငံရှိ ရဟန်းသံဃာ တော်နဲ့ သီလရှင်ဆရာလေးတွေရဲ့ ပါဠိစာပေ သင်ကြားနေမှုနဲ့ ပတ်သက်ပြီး ဆွေးနွေးသည့် သဘောအနေဖြင့် မိမိကိုယ်တွေ့နှင့်ယှဉ်ပြီး အနည်းငယ် တင်ပြလိုပါတယ်။ (ကြွားဝါလိုခြင်း၊ ပုတ်ခတ်လိုခြင်း အလျဉ်းမရှိကြောင်း ကြိုတင်ပြောထားလိုက်ပါရစေ။)

မိမိသည် အသက် ၉-နှစ်ကျော်မှာ ကိုရင်ဝတ်, စာသင်တိုက်ရောက်ပြီး ပါဠိစာပေ သင်ကြားရေးကို စတင်ခဲ့ပါတယ်၊ စာသင်သားအဖြစ်နဲ့ရော စာချဘုန်းကြီးအဖြစ်နဲ့ပါ အသက် ၃၃-နှစ်လောက် အထိ ပါဠိစာပေနဲ့ပဲ နပမ်းလုံး နေခဲ့ပါတယ်၊ ဒီအတောအတွင်း စာသင်တိုက် ရောက်ခါစက စနစ်သစ် ပညာရေးမပေါ်သေးခင်မှာ အခြေပြုမူလတန်းကလည်း မရှိသေး, ပါဠိစာပေ စတင်သင်ခါစမို့ စနစ်ဟောင်း အငယ်တန်းကိုလည်း မလိုက်နိုင် သေးလို့ မူကြိုတန်းမှာပဲ ထိုင်နေခဲ့ရတဲ့နှစ်တွေ၊ စာမေးပွဲ ၃-ခါကျတဲ့နှစ်တွေ, အခြေအနေ အမျိုးမျိုးကြောင့် မဖြေလိုက်ခဲ့ရတဲ့နှစ်တွေအပါအ၀င် ပါဠိစာပေတစ်မျိုးတည်းကိုပင် လေ့လာခဲ့ရတဲ့နှစ်တွေ စုစုပေါင်း နှစ် ၂၀-ကျော် ရှိခဲ့ပါတယ်၊ ဘုန်းကြီး ပညာရေးအနေနဲ့ ပြောရမယ်ဆိုရင်တော့ ဘွဲ့လက်မှတ်လို့ခေါ်တဲ့ စာရွက် ၅-ခုတော့ ရလိုက်တယ်ပေါ့၊ ဒီအချိန်အထိ စာသင်ကြားရေးအလုပ်နဲ့ပဲ အချိန်တွေကုန်လွန်ရင်း ကိုယ်ဟာနဲ့ကို ကျေနပ်နေမိ ပါသေးတယ်။ ၃၃-နှစ်ထဲ ရောက်လာတဲ့အခါမှာ ပါဠိစာပေကို ခဏတာကျောခိုင်းပြီး အင်္ဂလိပ်စာကို ဇောက်ချလုပ်လိုက်တယ်၊

ထေရ၀ါဒတက္ကသိုလ် ၀င်ခွင့်အောင်လို့ ဒီပလိုမာသင်တန်းကို တက်ခဲ့တယ်။ လအနည်းငယ်ပဲတက်ပြီး သီရိလင်္ကာနိုင်ငံ (သီဟိုဠ်ကျွန်း) ကို ထွက်သွားခဲ့ပါတယ်၊ အဲဒီမှာ ပြင်ပ အင်္ဂလိပ်စာ သင်တန်းတွေတက်ရင်း Kelaniya တက္ကသိုလ်မှာ M.A တန်းတက်ခဲ့တယ်၊ ရန်ကုန်မှာ နှစ်တစ်ဝက်လောက် ပြန်ထိုင်ရင်း သင်တန်းအနည်းငယ် ထပ်တက်ဖြစ်လိုက်တယ်၊ အခု အိန္ဒိယနိုင်ငံရဲ့ ရှေးမြို့တော် ဗာရာဏသီ မှာရှိတဲ့ တက္ကသိုလ်ကြီးတစ်ခုမှာ Ph.D ကျောင်းသားအဖြစ်နဲ့ တက်ရောက်ပြီး ကျမ်းပြုနေပါတယ်။ စဉ်းစားကြည့် တော့ အင်္ဂလိပ်စာ လေ့လာခွင့်ရလိုက်တဲ့ နှစ်တို့သည် ဘာဆိုဘာမှ မကြာလိုက်။ ငယ်စဉ်ကပင် သင်ကြားခွင့်, ဆရာကောင်းနှင့် တွေ့ခွင့်ရခဲ့လျှင် ပို၍ပင် မြန်လိမ့်မည်ဟုထင်သည်။

မိမိ၏ အတွေးတို့သည် တစ်စတစ်စ ပြောင်းလဲလာခဲ့သည်။ အချိန်အတိအကျ ပြောရလျှင် သီဟိုဠ်ကျွန်း မှာ နေစဉ်ကတည်းကပါ၊ တစ်ချိန်က ပါဠိစာပေထဲမှာပဲ မိမိ၏ စိတ်ကိုမြှပ်နှံထားခဲ့သည်၊ မိမိရခဲ့တဲ့ ဘွဲ့တွေနဲ့ လည်း ကျေနပ်ခဲ့သည်၊ အထက်တန်းလို့ သတ်မှတ်ထားကြတဲ့ပါဠိ, အဋ္ဌကထာ, ဋီကာတွေကို နားလည်အောင် ကြည့်ရှုနိုင်သည်၊ ဘုန်းကြီးလောကမှာတော့ အထက်တန်းကြီးက မဟုတ်သည့်တိုင် အလယ်အလတ်တော့ မက-ဟု ထင်ခဲ့သည်၊ နှစ်ပေါင်း နှစ်ဆယ်ကျော်ကျော်ပေါ့၊
အခွင့်သာလို့ နိုင်ငံခြားရောက်နေတုန်း မေးခွန်းတစ်ချို့ နှစ်ကြိမ် သုံးကြိမ်မျှ အမေးခံရဘူးသည်၊ “ဘယ် အသက်အရွယ်မှာ ကိုရင်ဝတ်ခဲ့ပါသလဲ, “ဘယ်ဘာသာရပ်တွေကို အဓိက သင်ယူခဲ့တာလဲ” ဆိုတဲ့ မေးခွန်း တွေကို “၉-နှစ်သားကတည်းက” “အဓိကဘာသာရပ်က ပါဠိ” လို့ ခပ်သွက်သွက်ပဲ ဖြေလိုက်မိပါတယ်။ “တစ်ခြားဘယ်ဘာသာရပ်တွေ သင်ခဲ့ရသလဲ” ဆိုတော့ “မသင်ခဲ့ရဘူး၊ ပါဠိတစ်ခုပဲ” လို့ဖြေလိုက်တယ်။ “ဒီလိုဆို ပါဠိအရေးအသားနဲ့ စကားပြော အရမ်းကျွမ်းကျင်မှာပေါ့” တဲ့။ အဲဒီထင်မြင်ချက်ပါတဲ့ မေးခွန်းရဲ့ အဖြေကိုတော့ နှုတ်မသွက်ဘဲ ၀င်္က၀ုတ္တိအလင်္ကာမြောက်အောင် ကွေ့ပတ်၍သာ ဖြေလိုက်ရပါတော့သည်။

နောက်မှ “နှစ် ၂၀-ကျော် သင်လာခဲ့ရတဲ့ ပါဠိစာပေကို ကျွမ်းကျင်စွာ ရေးနိုင်, ပြောနိုင်ပါသလား“ လို့ မိမိ ကိုယ်တိုင် သေသေချာချာ စဉ်းစားကြည့်တော့ တစ်ခုမှ ထိထိမိမိ မရှိခဲ့၊ စာအုပ်ကြည့်ပြီး နားလည်သဘော ပေါက်, ပြန်လည် သင်ပြပေးနိုင်ရုံ အဆင့်သာရှိသည်၊ ပါဠိနဲ့ ပတ်သက်ပြီး ကျမ်းတစ်စောင်, ပေတစ်ဖွဲ့ ရေးသား ဖို့ရန်ကား စိတ်ကူးထဲမှာပင် မလုပ်ရဲခဲ့ပါ။ “ဘာသာရပ်တစ်ခုကို နှစ်ပေါင်းများစွာ သင်ယူလာခဲ့ရပါလျှက် ဘာ့ကြောင့် ထိုကဲ့သို့ မလုပ်နိုင်ရသနည်း” ဆိုတာကို အဖြေရှာဖို့ ကောင်းပါသည်။ ဒါပေမယ့် မြန်မာနိုင်ငံ ရဟန်းသံဃာများရဲ့ စာသင်နည်းစနစ်ကိုက “ရေး-ဖတ်-ပြော” ကို ဦးစားမပေးသော နည်းစနစ်ပဲ-ဟူ၍သာ စဉ်းစားရင် မိမိ၏စိတ်ကို ဖြေသိမ့်ထားလိုက်ပါတော့သည်။

ယနေ့ခေတ် နိုင်ငံတကာ ဘာသာရပ်အမျိုးမျိုးကို လေ့လာကြရာမှာ “အရေး-အဖတ်-အပြော-နားလည် နိုင်စွမ်းရည်” ဆိုပြီး Skill ၄-မျိုး ရှိတယ်လို့ သတ်မှတ်ထားကြပါတယ်၊ ဒါကို ပါဠိဘာသာရပ်ကို သင်ကြား လေ့လာနေသူတွေအတွက်လည်း သတိထားဖွယ်ရာနဲ့ စံနမူနာ ပြယုဂ်ကောင်းတစ်ခုပဲ-လို့ ထင်မြင်မိပါတယ်၊ မိမိလေ့လာသင်ယူနေတဲ့ ဘာသာရပ်အပေါ်မှာ အထက်ပါ Skill ၄-မျိုးထဲက ဘယ်အရာကို ပိုပြီး ကျွမ်းကျင် သလဲဆိုတာကို စဉ်းစားကြည့်စေချင်ပါတယ်၊ သင်ယူနေတဲ့ ဘာသာရပ် တစ်ခုမှာ ကျွမ်းကျင်ဖို့ဆိုတာ ဆရာနဲ့ တပည့် နှစ်ဦးလုံးမှာ တာဝန်ရှိပါတယ်။ သင်ပြသူက ညံ့ဖျင်းလို့လား, သင်ယူသူက သင်ပေးသလို မလုပ်လို့လား, ဒါမှမဟုတ် သင်ကြားမှုနည်းစနစ် မမှန်ကန်မှုကြောင့်လားဆိုတာကို လေ့လာအဖြေရှာပြီး စာသင်သားများ အချိန်ကုန်သက်သာ လူမပင်ပန်းရစေဘဲ ရေရှည် အကျိုးရှိစေနိုင်မယ့်နည်းလမ်းကို ပြဋ္ဌာန်းသင့်ပါပြီ။ နှစ်ဦး နှစ်ဖက်ပင်ပန်းပြီး နောင်အနာဂတ်မှာ သိပ်အရေးမပါတဲ့ သင်ကြားမှုမျိုးတွေကို ပြုပြင်ပြောင်းလဲပေးနိုင်မယ် ဆိုရင် အချိန်တိုအတွင်းမှာ အောင်မြင်မှုတွေရလာမှာ မလွဲပါဘူး၊

ဥပမာဆိုပါစို့-- “အာဂုံရမှ အာဂလူ” ဆိုပြီး အာဂုံကျက်ခိုင်းကြပါတယ်၊ သဒ္ဒါ-သင်္ဂဟ-၀ိနယ-အဘိဓာန်-အလင်္ကာ-ဆန်းနဲ့ တစ်ခြားကျမ်း မြောက်များစွာ တွေမှာပေါ့။ သဒ္ဒါ (Grammar) နဲ့ အဘိဓာန် (Dictionary) စာအုပ်ကြီးတွေကို အာဂုံဆောင် အလွတ် ကျက်မှတ်ခိုင်းတာ ဘယ်နိုင်ငံမှ ရှိမည်မဟုတ်ပါ။ သက်ဆိုင်ရာအတန်း ပြီးဆုံးသွားလို့ ၁-နှစ် ၂-နှစ်အတွင်းမှာပင် အာဂုံဆောင်ခဲ့တဲ့ ဂါထာများ အလွတ်မရတော့ဘဲ သဘောအဓိပ္ပါယ်မျှကိုသာ မှတ်မိတော့တာပဲဆိုတာ သတိထားမိကြမှာပါ။ အာဂုံမဟုတ်ဘဲ နားလည်သဘောပေါက်ပြီး လက်တွေ့ အသုံးချနိုင်တဲ့ နည်းစနစ်ရအောင် ပြောင်းလဲသတ်မှတ်ကာ အထက်တန်းပါဠိတော်ကြီးတွေကို လေ့လာနိုင်ခွင့်ရအောင် လုပ်ဆောင်ပေးသင့်ပါပြီ၊ စာသင်သားဘ၀တစ်လျှောက်လုံး မူကြိုတန်းမှ အကြီးတန်း (သို့မဟုတ် စာချတန်း) အထိ လက်တွေ့ဘ၀နဲ့ အံဝင်ဂွင်ကြမဖြစ်တဲ့ အခြေခံသဘော တရားအဆင့်နဲ့ပဲ စာသင်သားဘ၀ကို ကျော်ဖြတ်အဆုံးသတ်ခဲ့သူတွေ များပါတယ်၊ တစ်ချို့ စာချတန်းဘွဲ့ရပြီးတာတောင်မှ တရားမဟောရဲ၊ ဟောဖို့ရာ တွန့်ဆုတ်နေသူတွေ အများကြီးပါ။
ဘာ့ကြောင့်လည်းဆိုတာ အဖြေရှာသင့်ပါတယ်။ “ပြောင်းလဲလိုချင်ရင် ကိုယ်ကစ” ဆိုတဲ့ စကားလေးတစ်ခွန်းဟာ အလွန်ပဲ တန်ဖိုးရှိလှပါတယ်။ (အခြေခံ သင်ရိုးကို ကန့်ကွက်ခြင်း မဟုတ်ပါ၊ အခြေခံ မကောင်းက အထက်တန်း မတက်နိုင်မှန်း သိပါသည်၊ အခြေခံတန်းတွေမှာတင် နှစ်တွေကြန့်ကြာမနေစေဖို့နဲ့ သင်ယူရတဲ့ ဘာသာရပ်ကို ကျွမ်းကျင်မှုဖြစ်စေလိုခြင်းကိုသာ ရည်ရွယ်ပါသည်။)

သီဟိုဠ်မှာ ပညာသင်ယူစဉ်က သိလာခဲ့ရတဲ့ အတွေ့အကြုံတစ်ခုကို တင်ပြလိုပါသည်၊ ၄င်းနိုင်ငံလေးက ကိုရင်ငယ်ကလေးများမှာ ဆရာတော်ကြီးတွေက သာရေးနားရေးကိစ္စများတွင် တာဝန်ပေးခိုင်းစေလျှင် သီလပေး, ရေစက်ချ တရားဟောခြင်းမျှလောက်ကို ကျွမ်းကျင်စွာ ပြုလုပ်နိုင်ကြသည်ကို တွေ့ခဲ့ရပါသည်၊ သူတို့ရဲ့ ပါဠိစာပေ တတ်သိနားလည်မှုကိုကား မဝေဖန်လိုပါ၊ သူတို့ရဲ့ ပရိဝေဏ-လို့ခေါ်တဲ့ စာသင်တိုက်တွေမှာ ပါဠိစာပေတစ်မျိုးတည်းကိုသာ သင်ပေးနေသည် မဟုတ်ပါ၊ ပါဠိ, သက္ကတ နဲ့ မိခင်စကားဖြစ်တဲ့ ဆင်ဟာလ ဘာသာရပ်အပြင် အင်္ဂလိပ်, သင်္ချာစတဲ့ ဘာသာရပ်တွေကိုပါ တွဲဖက်ပြီး လူ့လောကနဲ့လည်း မကင်းကွာရ လေအောင် သင်ကြားပေးကြပါတယ်၊ (ဒါ့ကြောင့် ပါဠိစာပေမှာတော့ မြန်မာပြည်နဲ့ယှဉ်ရင် အားနည်းကောင်း နည်းပါလိမ့်မယ်)၊ သို့သော်ငြားလည်း ဘုန်းကြီးဆိုတာ ကိုယ်သိထားရုံနဲ့ လုပ်ငန်းဟာ မပြီးဆုံးသင့်ပါဘူး၊ လူတွေက ပညာသင်ကြားနိုင်အောင် ထောက်ပံ့ပေးထားတာမို့ လူတွေရဲ့ အကျိုးကိုလည်း သည်းပိုးပေးရမယ့် တာဝန်ရှိပါတယ်၊ ဘုရားရှင်ကိုယ်တိုင်ပင် လောကာနုကမ္ပာယ, လောကာနုအတ္ထာယ ဓမ္မံ ဒေသေဟိ-လို့ ဟော ထားခဲ့တာပဲ၊ ဒါတင်မက တပည့်သားရဟန်းတွေကို ဒေသအသီးသီးသို့ သာသနာပြုစေလွှတ်တယ် ဆိုတာ သူရဲ့ အဆုံးအမတရားတော်တွေကို သိရှိနားလည်ပြီး လက်တွေ့ကျင့်သုံးခြင်းအားဖြင့် သတ္တ၀ါတွေ တွေ့ကြုံနေ ရတဲ့ ဆင်းရဲဒုက္ခတွေ ချုပ်ငြိမ်းစေရန်ပဲ ဖြစ်ပါတယ်။ ဒါဟာ ရဟန်းသံဃာများရဲ့ တာဝန်တွေပဲ မဟုတ်လား။

ယနေ့ခေတ် အချိန်အခါမှာ ဘုရားရှင်ရဲ့ သာသနာတော်ကြီး “သန့်ရှင်း, တည်တံ့, ပြန့်ပွားရေး” ဆိုတဲ့ မူသုံးချက်ကို လက်တွေ့ အကောင်အထည်ဖော်နိုင်ဖို့ ပါဠိစာပေတစ်ခုတည်းသိရုံနဲ့တော့ လုံလောက်မည် မထင်ပါ၊ အနည်းဆုံး အကူဘာသာရပ်အဖြစ် အင်္ဂလိပ်စာကို ထည့်သွင်း သင်ကြားသင့်ပါသည်၊ ပါဠိစာပေကို ငါ ကျွမ်းကျင်တယ်ဆိုပြီးတော့လည်း ကျေနပ်မှု, မာန်တက်မှုဖြစ်မနေသင့်ပါ။ ကိုရင်ငယ်ဘ၀ကတည်းက အင်္ဂလိပ် စာကို ပါဠိစာပေနှင့်တွဲဖက်၍ ပုံမှန်စဉ်ဆက်မပြတ် သင်ယူခွင့်ရခဲ့ပါက အသက်သိက္ခာနှင့် အသိပညာ ရင့်ကျက် လာချိန်မှာ သာသနာ့တန်ဖိုးနှင့် လူ့လောကကောင်းကျိုးကို အားကြိုးမာန်တက် ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

ပါဠိစာပေကျွမ်းကျင်သူ တစ်ယောက်ဖြစ်သော်လည်း အင်္ဂလိပ်စာကို လေ့လာသင်ယူမှုပြုမထားလျှင် နိုင်ငံခြား သားတစ်ယောက်က ဘုရားရှင်ရဲ့ တရားတော်တွေ သိလို၍မေးမြန်းလာတဲ့အခါ မိမိစိတ်ရှိတိုင်း ဘယ်လို ရှင်းပြနိုင်မှာလဲ? သိလိုသူက အဖြေကို ကောင်းမွန်စွာရမသွားပါလျှင် ကျေနပ်နိုင်ပါမည်လား? ဘ၀တစ်လျှောက် လုံး ရေကန်ငယ်လေးကလွဲရင် ဘယ်ကိုမှမရာက်ဘူးတဲ့ လိပ်ကလေးဟာ သူ့နေရာလေးမှာတော့ အဆင်ပြေတာ ပေါ့၊ အပြင်ဘက်မှာ ကောင်းကင်ပြင်ကြီးတွေ, သာယာတဲ့ ပန်းဥယျာဉ်ကြီးတွေနဲ့ တစ်မျှော်တခေါ်ကျယ်ဝန်းတဲ့ တောတောင်ကြီးတွေရှိတယ်လို့ဆိုတာကို လက်မခံဘဲ ငြင်းဆန်တတ်ပါသတဲ့။ ဒီလိုဆိုတော့ ဘယ်အဆင်ပြေ မလဲ၊ ဘ၀တက်လမ်းတွေ တိုးပြီးရှာကြဖို့နဲ့ အထွေထွေဗဟုသုတ ရရှိအောင် ကြိုးစားကြဖို့ ရည်ရွယ်တဲ့ ဒီပုံပြင်လေးကို သတိတရရှိနေဖို့ လိုအပ်လှပါတယ်။

နှိုင်းယှဉ်ချက်---
သီဟိုဠ်ရဟန်းသံဃာတော်တို့သည် ပါဠိစာပေနှင့်အတူ အင်္ဂလိပ်-သင်္ချာစတဲ့ ဘာသာရပ်တွေကို စာသင်တိုက်တွေမှာ သင်ကြားခွင့်ရတဲ့အတွက်ကြောင့် ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ စာအုပ်စာတန်းတွေကို အင်္ဂလိပ်လို ရေးသားထုတ်ဝေကြတယ်။ သူတို့နိုင်ငံမှာ တနင်္ဂနွေနေ့တိုင်း တစ်နိုင်ငံလုံးရှိ ကျောင်းသူ ကျောင်းသားအားလုံး နီးစပ်ရာ ဘုန်းကြီးကျောင်းကိုသွားပြီး ဘာသာရေးသင်တန်း (Sunday School) တက်ရပါတယ်၊ အဲဒီသင်တန်းမှာ အကူ ဆရာ,ဆရာမတွေနဲ့အတူ ဘုန်းတော်ကြီးတွေက မိခင်ဘာသာရပ် အပြင် အင်္ဂလိပ်လိုပါ သင်ကြားပြသပေးကြပါတယ်။ ဒါ့ကြောင့်လည်း သီရိလင်္ကာနိုင်ငံက လူငယ်တွေဟာ ဘာသာရေးနဲ့ပတ်သက်ပြီး ရင်းနှီးကျွမ်းဝင်မှုရှိကာ မိမိတို့ရဲ့ ဗုဒ္ဓဘာသာကို ဘာသာခြားအန္တရာယ်တွေ မကျရောက်အောင် တရားနည်းလမ်းနဲ့အညီ အပြည့်အ၀ ကာကွယ်နိုင်ကြပါတယ်။

ယနေ့ခေတ် ဗုဒ္ဓဘာသာ အကြောင်းကို စာပေကနေတစ်ဆင့် နိုင်ငံခြားသားတွေ လေ့လာခွင့်ရနေတာဟာလည်း သီဟိုဠ်နိုင်ငံလေးရဲ့ စွမ်းဆောင်မှုက ပိုများမယ်လို့ ထင်ပါတယ်၊ သူတို့နိုင်ငံက ဘုရားစာပေနဲ့ပတ်သက်ပြီး အင်္ဂလိပ်လို ရေးသား ဖြန့်ဝေလိုက်တဲ့ စာအုပ်တွေက ပိုများနေတာကိုး။ မြန်မာနိုင်ငံကို နိုင်ငံခြားသားတွေ လာရောက် လေ့လာနေကြ သည်ဆိုသော်လည်း ကမ္မဋ္ဌာန်းတရားများကိုသာ ရိပ်သာတွေမှာ သွားရောက်ပြီး နည်းယူအားထုတ်ကြတာပါ။ မြန်မာပြည်မှာ ဗုဒ္ဓဘာသာအကြောင်းနဲ့ ပတ်သက်ပြီး အင်္ဂလိပ်လိုရေးသားထားတဲ့ လေ့လာစရာ စာအုပ် စာတမ်းနဲ့ မှီငြမ်းကိုးကားစရာ စာအုပ်စာတမ်း (Reference Book) တွေ အင်မတန်ကို နည်းနေပါသေးတယ်၊ သိပ်မကြာသေးလှတဲ့နှစ်တွေ အတွင်းမှာသာ ဘာသာပြန် (Translation) စာအုပ်တွေ အနည်းငယ် ပေါ်ထွက် လာတာကို တွေ့ရပါတယ်။

မြန်မာနိုင်ငံသည်ကား “ထေရ၀ါဒ အထွန်းကားဆုံး” ဟု ကြွေးကြော်နေကြသည်တွင် “ထွန်းကားသည်” - ဆိုသည်မှာ မိမိနိုင်ငံအတွင်းမှာသာ ပါဠိစာပေတတ်ကျွမ်းသူ ပေါများခြင်းနဲ့ သံဃာတော် အရေအတွက် ပေါများခြင်းကိုပင် ဆိုလိုဟန်တူပါသည်။ သင်ယူထားတဲ့ အထက်တန်း ပါဠိစာပေတွေကို အင်္ဂလိပ်လို ရေးသားထုတ်ဝေခြင်း၊ ဟောပြောခြင်း၊ Internet Website များတွင် ထည့်သွင်းဖော်ပြခြင်းများ ပြုလုပ်နိုင်ပါက မြန်မာမှာသာမက ကမ္ဘာကပင် မိမိတို့မြန်မာနိုင်ငံရဲ့ ထေရ၀ါဒ ဗုဒ္ဓဘာသာအကြောင်းနှင့် သာသနာတော်နဲ့ ပတ်သက်တဲ့ ရဟန်းသံဃာတွေရဲ့ လုပ်ဆောင်ချက်တွေကို ပိုမို၍ သိရှိခွင့်ရနိုင်ပြီး များစွာ အကျိုးရှိနိုင်ပါသည်။

အောက်ထစ်ဆုံးအားဖြင့် စာသင်သားတစ်ပါး ရဟန်းသာမဏေဘ၀ဖြင့် မပျော်ပိုက်၍ လူဝတ်လဲသွား သည့်တိုင် အင်္ဂလိပ်စာ သင်္ချာစသည်တို့မှာ အထိုက်အလျောက်နားလည်ထားသဖြင့် ရင်ဆိုင်ရတဲ့လူ့ဘ၀မှာ မျက်နှာမငယ်ရပါ။ ဘုန်းကြီးဘ၀နဲ့ ကံကုန်သဖြင့် လူထွက်သွားတဲ့အခါမှာ အလုပ်နဲ့ အံဝင်ဂွင်ကြမဖြစ်ကြလို့ တနည်းအားဖြင့် လုပ်ငန်းခွင်အတတ်ပညာ မပါတဲ့အတွက်ကြောင့် “ဒီကောင် ဘုန်းကြီးလူထွက် ဘာမှမတတ် ဘူး၊ ဘာမှလည်း လက်ကြောမတင်းဘူး” ဟု ၄င်း၊ “ဘုန်းကြီးလူထွက် ရေးတတ်,ဖတ်တတ်အဆင့်” ဟု၎င်း သတ်မှတ် အပြောအဆိုခံရသည်မှာ ရင်နာဖွယ်ရာ ကောင်းလှပါသည်။ ထိုသို့အပြောအဆိုမခံရစေဦးတော့ ကြီးပွားအောင်လုပ်နိုင်ဖို့ မလွယ်ကူပါ။ လူပြန်တော် ခေါ် ဘုန်းကြီးလူထွက်တို့မှာ ကြီးပွားအောင်မြင်သူ အရေအတွက်မှာ မဆိုစလောက်သာ ရှိပါသည်။ လူတောတိုးနိုင်တဲ့ အခြေခံပညာမပါတဲ့အတွက်ကြောင့် ရရာအလုပ်ကိုပဲ ဆင်းရဲပင်ပမ်းစွာ လုပ်လိုက်ရသူတွေပဲ များပါတယ်။ တကယ်ဆို ဘယ်နေရာရောက်ရောက် လူသားအခွင့်အရေး မဆုံးရှုံးရအောင် ငယ်စဉ်ဘ၀ပညာသင်စဉ်ကတည်းက ဖန်တီးပေးနိုင်ပါမူ ပို၍ပင် အကျိုး မရှိပါပြီလော။

သီရိလင်္ကာနိုင်ငံလေးက ရဟန်းသံဃာတို့အတွက် စာသင်တိုက်တွေက ပါဠိစာပေနဲ့တွဲဖက်ပြီး အင်္ဂလိပ်စာ-သင်္ချာ-ဇီဝဗေဒ-ဓာတုဗေဒ စတဲ့ဘာသာရပ်တွေကို တွဲဖက်သင်ကြားပေးတဲ့အတွက် အကြောင်း တစ်ခုခုကြောင့် လူဖြစ်သွားရသော်လည်း ကျောင်းဆရာအဖြစ် သို့မဟုတ် အစိုးရရုံးလုပ်ငန်းတွေမှာ နိုင်ငံတော် ရဲ့တာဝန်ကို ထမ်းဆောင်ရင်း မိမိနဲ့ မိသားစုဘ၀ကို ကောင်းမွန်စွာ အလုပ်အကျွေးပြုနိုင်ပါတယ်။ နှစ်ပေါင်း များစွာ သင်ယူလာခဲ့တဲ့အတတ်ပညာဟာ ဘယ်နေရာပဲရောက်ရောက် အသုံးကျအောင် အသုံးချခွင့် ရနိုင် တာမျိုး ဖြစ်သင့်ပါတယ်။ လောကီရှုထောင့်ကပဲဖြစ်စေ လောကုတ္တရာရှုထောင့်ကပဲဖြစ်စေ လူ့လောကကို ကောင်းကျိုးပြုနိုင်တဲ့ မျိုးဆက်သစ်လေးတွေဖြစ်လာစေဖို့ ဆရာများရဲ့ တာဝန်သာဖြစ်ပါတယ်။

ရဟန်း သာမဏေများ လူထွက်စေရန် အားပေးအားမြှောက်ပြုလို၍ ရေးသားခြင်းမဟုတ်ပါ၊ အဆိုးမြင်ဝါဒဖြင့် မဟုတ်ဘဲ အကောင်းမြင်ဝါဒဖြင့် ကြည့်ရှုတတ်ပါမူ နားလည်နိုင်လိမ့်မည်ဟု ထင်ပါသည်။ ပင်ကိုယ်ပါရမီဓာတ်ခံ ကောင်းသူ တွေက ပို၍ကြိုးစားလာနိုင်သလို ဓာတ်ခံမကောင်းသူတွေက လာရာလမ်းကို သူ့အလိုလို ပြန်ကြပါလိမ့်မည်။ လူတစ်ယောက်၏ ကံတရားကို စိုးမိုးခြယ်လှယ်၍ မရပါ၊ လယ်တီဆရာတော်ဘုရားကြီးက သူ့တပည့်တွေကို ဘယ်လောက်ပဲ ဂရုစိုက်ပါစေ, လူမထွက်အောင် ဘယ်လောက်ပဲ ကျေးဇူးတွေနဲ့ ဖိထားပါစေ လယ်တီ ပဏ္ဍိတစတဲ့ တပည့်ကြီးတွေ လူဝတ်လဲကြပါသည်၊ ဆရာသမားတွေရဲ့ သီးခြားချီးမြောက်မှု မခံရသော်လည်း ကိုယ်ပိုင်အသိနဲ့ သာသနာ့တာဝန်ကို ထမ်းဆောင်နေသူတွေ မြောက်များစွာရှိနေခြင်းက သက်သေခံ နေပါသည်။

တန်ဖိုးဖြတ်မရတဲ့ သြ၀ါဒစကား----
အိန္ဒိယနိုင်ငံသို့ နောက်တစ်ခေါက်ပြန်လာခါနီးမှာ ကျေးဇူးတော်ရှင် ဆရာသမားကို သွားရောက်ဖူးမြော် ကန်တော့ခဲ့ပါတယ်၊ တပည့်ကို မိန့်ကြားလိုက်တဲ့ သြ၀ါဒစကားက မိမိအတွက် မေ့ထားဖို့မဖြစ်နိုင်တဲ့စကားပါ “နိုင်ငံခြားက ဘွဲ့တွေယူပြီး ပြန်လာတဲ့သူအများစုက ပရိယတ္တိသာသနာတော်ကို အထောက်အပံ့ပေးတဲ့သူ အတော့်ကိုရှားပါတယ်၊ နာမည်ကျော်ကြားရေး, ဘ၀ရပ်တည်ရေးစတဲ့ ကိုယ့်အကျိုးအတွက် လုပ်နေတဲ့ သူတွေ ကသာပိုများတယ်၊ မင်းကတော့ ပါဠိစာပေအခြေခံကောင်းနဲ့သွားတဲ့သူ တစ်ယောက်ဖြစ်တော့ ကိုယ့်ရဲ့ ရည်မှန်းချက် အောင်မြင်ပြီးမြောက်လို့ ပြန်လာတဲ့အခါမှာ ဒို့ ပရိယတ္တိသာသနာတော်ကို ပြန်လည်ကျေးဇူး ဆပ်ပါ၊ ဒို့ရဲ့ အများအကျိုးပြု လုပ်ငန်းတွေကိုလည်း တတ်နိုင်သလောက် ကူညီပံ့ပိုးပေးပါ၊ အထူးသဖြင့် ပြောလိုတာက နိုင်ငံရပ်ခြားမှာ နေတုန်းအခါမှာလည်း ကိုယ့်ယဉ်ကျေးမှုနဲ့ မိမိရဲ့ ကိုယ်ကျင့်သိက္ခာတွေကို မပျက်စီးပါစေနဲ့” တဲ့။ မိမိတစ်ပါးတည်းကိုသာ သြ၀ါဒပေးသော်လည်း နိုင်ငံရပ်ခြားမှာ ကျောင်းတက်ပညာသင် နေကြတဲ့ ရဟန်းသံဃာတွေအားလုံးနဲ့ သက်ဆိုင်နိုင်တဲ့ အပြုသဘောဆောင်တဲ့ တန်ဖိုးရှိစကား တစ်ခွန်းမို့ အမြင်ကျယ်ကျယ်, နှလုံးသွင်းကောင်းကောင်းဖြင့် လက်ခံကြလိမ့်မည်ဟု ထင်ပါသည်။

နိဂုံးချုပ်----
အင်္ဂလိပ်စာသင်ကြားခြင်းကို အခုအချိန်ထိ အားမပေးသည့်, အကောင်းမမြင်သေးသည့် ဆရာတော်ကြီးတွေ မြောက်များစွာပင် ရှိနေပါသေးသည်။ အင်္ဂလိပ်စာနဲ့ ရင်းနှီးကျွမ်းဝင်မှုမရှိဘဲ နိုင်ငံရပ်ခြားသို့ ကြွဘူးသည့် ဆရာတော်တစ်ချို့ရဲ့အကြောင်းကို သိဘူး,ကြားဘူး,မြင်တွေ့ဘူးပါသည်၊ immigration ၀င်ဖို့ရန် white card ဖြည့်ခြင်းမှစ၍ အခက်အခဲများ ကြုံတွေ့ရသောအခါမှ ‘ဘယ်သူရေ လာပါဦး၊ လုပ်ပါဦး’ စသည်ဖြင့် မျက်လုံးပြုး မျက်ဆံပြူးနဲ့ အကူအညီတောင်းရတာတွေ၊ “ဘယ်ကို သွားမှာလဲ” လို့ မေးခွန်းကိုတောင် ပါးစပ်ပါလျှက် ဆွံ့အနားမကြားသလိုမျိုး အဖြေမရှိတဲ့ အဖြစ်မျိုးတွေနဲ့ ကြုံတွေ့ခဲ့ဘူးတာတွေကို အမှတ်ရစေ ချင်ပါသည်။ (စော်ကား ပြစ်မှားလိုခြင်း မဟုတ်ပါ၊)

တစ်ဖြေးဖြေးတိုးတက်လာနေတဲ့ မျိုးဆက်သစ်တွေကို မိမိတို့ကဲ့သို့ မဖြစ်စေရန်နှင့် သာသနာတော်၏ အနှစ်သာရကို ကိုယ့်အိမ်တွင်းမှာ သာမက အပြင်ဘက်မှာပါ ပြန့်ပွားစေချင်ပါလျှင် အင်္ဂလိပ်စာ သင်ကြားရေးကို ခွင့်ပြု-အားပေး-စီမံသင့်ပါကြောင်းနှင့် အမြင်ကျယ်ကျယ်ဖြင့် အင်္ဂလိပ်စာကို ပါဠိစာပေနှင့်တွဲဖက်ကာ သင်ကြား ပေးနေသည့် အမိကျောင်းတော်ကြီး တည်ထောင်ဖွင့်လှစ်ခြင်း နှစ် ၄၀-ပြည့် အခမ်းအနားကို ကြိုဆိုဂုဏ်ပြု လိုက်ပါကြောင်းကို ဖော်ပြတဲ့ မိမိရဲ့ ဆောင်းပါးကို ဤမျှဖြင့် အဆုံးသတ်လိုက်ရပါသည်။
အသိဖွံ့ဖြိုး၊ အများကျိုး၊ သည်းပိုးနိုင်ကြပါစေ-ဟု ဆန္ဒပြုလျှက်။

အရှင်သောဘဏာလင်္ကာရ
Banaras Hindu University
International Hostel, Room no – (38)
Varanasi, (U.P)
India


Print this post

No comments:

Post a Comment