11.11.09

ခေါင်းဆောင်ကောင်းပီသသူ နှင့် သူ၏ အရည်အချင်းတစ်ချို့

မိမိသည် အသက် ၉-နှစ်ကျော်ခါစ ၁၀ နှစ်ထဲဝင်ခါစကပင် ရွာမပရိယတ္တိစာသင်တိုက်သို့ အငယ်ဆုံး စာသင်သားတစ်ပါးအဖြစ် ရောက်ရှိလာခဲ့သည်။ အငယ်ဆုံးမို့ လူချစ်လူခင်ပေါတယ်ပဲ ဆိုရမလား မပြောတတ်၊ နေ့စဉ်နှင့်အမျှ မျက်ရည်နဲ့မျက်ခွက်။ ဘာပဲဖြစ်ဖြစ် စာအံ ကျောင်းသွားလိုက်, စာဝါတက်လိုက်, ညနေ စာသင်ပြီးချိန် သူငယ်ချင်းတွေနဲ့ ကျောက်ဒိုးရိုက်လိုက်နဲ့ ကလေးဘ၀ အပျော်ကြီးပျော်ခဲ့တာပေါ့။
စာသင်တိုက်ရောက်လာတဲ့ကိုရင်လေးတွေဟာ ကိုယ့်ဇာတိရပ်ရွာတုန်းမှာ နေ့ခင်းဆွမ်းစားပြီး သံဃာတော်တွေ ခဏအနားယူကျိန်းစက်ကြတယ်ဆိုတာ သိမှမသိဘဲ၊ မြို့ရောက်လာမှပဲ သိရတာ။ အကျင့်ကလည်းမရှိတော့ စာချဘုန်းကြီးတွေက ဘယ်လောက်အအိပ်ခိုင်းခိုင်း မအိပ်ပါဘူး၊ ပြောတုန်း ခဏလေးပဲ အိပ်ချင်ယောင်နေလိုက်တာပေါ့၊ လစ်တာနဲ့ ထပြေးပြီး သူငယ်ချင်းတွေနဲ့ ဆော့ကစားကြ တာပါပဲ။
တစ်နေ့တော့ ဆရာတော်နဲ့တွေ့လို့ “သတ္တ၀ါလေးတွေ အိပ်ဆို မအိပ်ဘူး၊ စာကျက်ချိန်ကျ ငိုက်ပြီ၊ လာ ငါ့အခန်းထဲ လိုက်ခဲ့ကြ” ဟုဆိုကာ သူ့ကုတင်ခြေရင်းမှာ အိပ်ခိုင်းပါတော့သည်၊ တစ်နာရီ ထိုး စာအံကျောင်း စာဝါတက်ဖို့ရန် သတိပေးတုန်းခေါက်မှ နှိုးလွှတ်ပါတော့သည်၊ နေ့ခင်းဘက်တွေမှာ သူ၏ကုတင်ခြေရင်းတွင် သွား အိပ်ရသည်၊ ကလေးရဲ့သဘာဝ နှစ်နှစ်ချိုက်ချိုက်အိပ်ပျော်သွားရင် ခံတွင်းထဲက အာပုတ်ရည် (သွားရည်)တွေက ကျတတ်တာကိုး၊ နှိုးလွှတ်လိုက်တာနဲ့ ထပြေးတာ ဆိုတော့၊ ကြမ်းပြင်မှာကျန်ခဲ့တဲ့ အာပုတ်ရည်တွေကို သုတ်သင်ရမယ့်တာဝန်က အခန်းပိုင်ရှင် “ဆရာတော်” ပဲပေါ့။ ဒါက မိမိအတွက် မမေ့နိုင်စရာတွေထဲက တစ်ချို့ဖြစ်ပါတယ်။

ကိုရင်ငယ်ဘ၀က မိမိတို့ ဆရာ့အကြောင်းကို ဂရုမစိုက်တတ်၊ ဆရာ ဘယ်လို နာမည်ကြီး ကြောင်းကိုလည်း ဘာမှ ဂဃနဏ မသိ။ ဆရာဟူ၍သာ သိ၏၊ ပုံမှန် အလုပ်လုပ် နေတယ်-ဟုသာ နားလည်၏။ အခြားကျောင်းတိုက်နှင့် ဆရာတော်များ အကြောင်းကိုလည်း ကောင်းသည်ဆိုးသည် နားမလည်ခဲ့၊ မိမိနေထိုင်တဲ့ စာသင်တိုက်တစ်ခုသာ သိသည်။ “ဧ၀ံ ဇရာ စ မစ္စု စ၊ အာယုံ ပါဇေန္တိ ပါဏိနံ”-ဆိုတဲ့ ဘုရားရှင်ရဲ့ တရားတော်နဲ့အညီ သတ္တ၀ါတွေရဲ့ အသက်ကို (ငယ်ရာကနေ အကြီးဖြစ် လာအောင်, နုပျိုခြင်းကနေ အိုမင်းရင့်ရော်လာအောင်) ဇရာ-မရဏတို့က တဖြေးဖြေး ဆွဲခေါ်သွားနေ သည်။ နောက်ပြီး “လောကော သတ္တာန မာစေရော-လောကကြီးသည် သတ္တ၀ါတို့ရဲ့ ဆရာ”တဲ့၊ ဟုတ် ပေ၏၊ ရောက်ခဲ့တဲ့နေရာတွေ စုံခဲ့ပြီ၊ ပညာသင်ခဲ့တာရော လေ့လာရေးအဖြစ်နဲ့ သွားရောက်ခဲ့တာ တွေပါဆိုတော့ လောကကြီးကသင်ပေးတဲ့ အတွေ့အကြုံတွေလည်း တော်တော်များများရခဲ့ပြီ၊ ဒါပေ မယ့် ပြီးပြည့်စုံခြင်းကတော့ ဘယ်တော့မှ ရှိနိုင်လိမ့်မည်မဟုတ်။ ဘ၀သင်္ခန်းစာကား ဘ၀ဆုံးမှပင် အပြီးသတ်ပေတော့မည်။ မိမိသည်ပင် အချိန်တွေပြောင်းလဲလာခဲ့သည်နှင့်အမျှ အရွယ်နှင့်ပညာ ထိုက်သင့်သလောက် ရလာပြီမို့ စာသင်သားဘ၀မှသည် စာချဘ၀သို့ ကူးပြောင်း ရောက်လာခဲ့ရပြီ။
အချိန်ကို အသုံးချသည့်ဆရာ
ဆရာ့အနီးသို့ ပြန်ရောက်လာခွင့်ရပြီး ဆရာ၏ အများအကျိုးပြုလုပ်ငန်း တစ်စိပ်တစ်ဒေသနှင့် ကျောင်းတိုက်တာဝန်ကို အုပ်တစ်ချပ်သဲတစ်ပွင့်အနေဖြင့် ကျေးဇူးဆပ် ထမ်းဆောင်ရတဲ့အတွက် များစွာ ဂုဏ်ယူမိ၏၊ ဂုဏ်လည်းတက်၏။ ဆရာ၏ လုပ်ဆောင်ချက်, စိတ်နေစိတ်ထားနှင့် သင်ကြားမှု နည်းစနစ်တို့ကို ပိုမို၍ သိခွင့်ရလာ၏၊ ဆရာ၏ ပညာသင်ကြားပုံ စနစ်သည် “တို-ကျဉ်း၏၊ လိုရင်းမိ” ဟု သုံးသပ်မိပါ၏။ ဆရာသည် အချိန်ကို ကုန်သင့်တာထက် ပိုမကုန်စေချင်၊ ကုန်ဆုံးရမည့် အချိန်ကို ထိထိမိမိ အကျိုးရှိရှိ အသုံးချသင်ပြသည်။ အခြေခံလေးတွေကအစပေါ့- ကလေးငယ်ဘ၀က ကစ္စည်း သဒ္ဒါကြီးသင်စဉ်က “ယဿိန္ဒြိယာနိ- ကို ယဿ+ ဣန္ဒြိယာနိ ဟုပုဒ်ဖြတ်၍တည်ဟု၎င်း၊ ပုဗ္ဗမဓောဌိတ မဿရံ သရေန ၀ိယောဇယေ-ဟူသောသုတ်ဖြင့်ဟူ၍၎င်း” အရှည်ကြီးဆိုကြရသည်၊ ဆရာ၏ သင်ပြပုံမှာ “ယဿိန္ဒြိယာနိ-ကို ယဿ+ ဣန္ဒြိယာနိ ဟုပုဒ်ဖြတ်၊ ပုဗ္ဗမဓောဌိတ စသောသုတ်ဖြင့်” ဟု အလွယ်တကူ ဆိုစေပြီး အချိန်ကိုချုံး၍ သင်ပေးတတ်သည်။ လောကနီတိဆရာက “သိန္နေ သိပံ္ပ-အတတ်ပညာကို ဖြေးဖြေး သင်ရာ၏” ဆိုပေ၏၊ ဆရာကမူ တစ်နေရာတည်းမှာ အချိန်ဆွဲ၍ ဖြေးဖြေး သင်နေသည်ကို သဘောမကျ၊ အချိန်ဆွဲသင်နေသဖြင့် စာသင်သား ငြီးငွေ့မည်ကို သဘောပေါက်၏။ အချိန်တိုအတွင်းမှာ သင်ရိုးတစ်ခုလုံး ခြုံငုံမိအောင် မြန်မြန်သင်သည်၊ များများသင်သည်၊ သင်ရိုး ပေါက်မှ မမေ့အောင် အခေါက်များစွာ ထပ်သင်စေသည်၊ “ဗဟုဉ္စ ဂဏှာတိ၊ လဟုဉ္စ ဂဏှာတိ၊ ဂဟိတဉ္စဿ န သမုဿတိ-များများလည်း သင်၏၊ မြန်မြန်လည်းသင်၏၊ သင်ပြီးသားကိုလည်း မမေ့ ပျောက်စေ” ဆိုတဲ့ ဘုရားရှင်လက်ထက်က သမားတော်ကြီး ဆရာဇီဝက၏ စာသင်ပုံနည်းစနစ်နှင့် ကိုက်ညီသည်ဟု ထင်မိသည်။ ဧည့်သည်ဒကာ ဒကာမတွေကိုလည်း အလုပ်ပျက် အချိန်ကုန်ခံ၍ အကြာကြီး စကားမပြော၊ လိုရင်းကိုသာပြော၍ “အေး ကောင်းပြီ” ဟု၎င်း၊ “ဆရာတော်မှာ လုပ်စရာ လေးရှိသေးလို့” ဟု၎င်း စကားဖြတ်ပြီး အလုပ်ကို ဆက်လုပ်နေတတ်သည်။ ဤကဲ့သို့ အချိန်ကို ဂရုစိုက်, တန်ဖိုးထားတတ်သော ဆရာပါပေ။
တပည့်ကိုနားလည်သောဆရာ
“ယောက္ခမဆိုတာ တစ်ခါက သမက်ပါပဲ” လို့ပြောကြသလို “ဆရာဆိုတာလည်း တစ်ခါက တပည့်ပါပဲ” လို့ဆိုချင်သည်။ ထို့ကြောင့် ဆရာသည် တပည့်ရဲ့သဘောသဘာဝနှင့် စိတ်ဓာတ်ကို နားလည်ပေးရမည်၊ “ဆရာဟာ အထက်က လူပဲ” ဟုဆိုပြီး ငါတကော ကော၍မရ၊ နိုင်လိုမင်းထက် မပြုသင့်။ တပည့်ကလည်း ဆရာတစ်ယောက်ရဲ့ဘ၀နဲ့ လုပ်ပိုင်ခွင့်တွေကို လက်ခံပေးရမည်၊ “သူက ဘာမို့လို့လဲ”ဆိုတဲ့ မသင့်လျော်တဲ့ ပေတံတိုင်းမှုမျိုး မလုပ်သင့်။ (တစ်ချို့က ဆရာသည် တပည့်၏ အကျိုးကို လိုလားကြောင်း မိမိကိုယ်တိုင် ဆရာဖြစ်လာမှ သိလာကြတော့သည်။ မိမိကိုယ်တိုင် ဖခင်ဖြစ်လာတဲ့အခါမှ (သားကို ချစ်တဲ့ဖခင်စိတ်ဓာတ်ပေါ်လာမှ) ဖခင်ရဲ့ မေတ္တာတန်ဖိုးကို နားလည် လာရတဲ့ အဇာတသတ်မင်းလို ဖြစ်တတ်ကြပါတယ်။)
မိမိသည် စာချဘ၀ဖြင့် ရှိနေစဉ် ဆရာသမား၏ ဆောင်ရွက်ချက်အချို့ကို သဘောမကျ မနှစ်သက်ပါက မကြိုက်ကြောင်းကို အမူအရာတွေနှင့်လည်း ပြခဲ့ဘူးသည်၊ စာပစ်ခဲ့ဘူးသည်၊ ဆရာ့ အနီးအနားရှိနေသူမှ တစ်ဆင့်လည်း မကျေနပ်စာ ပို့ခိုင်းခဲ့ဘူးသည်။ ဆရာထွက်လာလျင် တိုက်ရိုက် မြင်စေရန် ဂတ်ထူစာရွက်မှာရေး၍ ဆရာ၏ ကျောင်းတွင်းဝင်ပေါက်မှာလည်း ချိတ်ခဲ့ဘူးသည်။ ဆရာအနေဖြင့်လည်း ကျောင်းတိုက်ကြီးပွားရာ အောင်မြင်ကြောင်းကို ဆောင်ရွက်သည်။ မိမိအနေဖြင့် လည်း အပြုသဘောဖြင့်သာ ဝေဖန်လျက်၊ မကျေနပ်ကြောင်းကို ပြသည်။ အပျက်သဘောမပါ၊ ပကတိရိုးသား၏။ ဆရာသည် စိတ်မဆိုးသည့်အပြင် သူ ဘာ့ကြောင့် ဒီလို လုပ်ရတယ်ဆိုတာကို အဖွဲ့အစည်းကြားထဲတွင် နားလည်အောင် ရှင်းပြတတ်၏။
လူချင်းမတူကြသလို အမြင်ချင်း တစ်ထပ်တည်းကျဖို့ဆိုတာလည်း မလွယ်ကူလှပါ။ သူက ကောင်းတယ်လို့ ထင်ပေမယ့် တစ်ဖက်သားအနေဖြင့် မကောင်းဘူးလို့ ထင်ချင်ထင်နိုင်သည်၊ ဆရာသည် ဒီသဘောတရားကို လက်ခံထား၏။ ဆရာနှင့်တပည့်သည် ဘယ်တော့မှ ကင်းကွာလို့မရ၊ တပည့်ရှိလို့ ဆရာဆိုတာ ဖြစ်ပေါ်လာရသလို ဆရာရှိလို့လည်း တပည့်ဆိုတာ ဖြစ်ပေါ်လာရစမြဲ။ တစ်ယောက်ထည်းနေလျင် ဘာမှမဖြစ်၊ နှစ်ယောက်နေလျင် အသံထွက်လာမည်၊ ဆရာသည် ထိုအသံကို ရေးကြီးခွင်ကျယ် မလုပ်တတ်။ ပညာရှိသူတော်ကောင်းပီသစွာ သည်းခံခြင်းဖြင့်သာ နေတတ်၏။
နာယကစည်းဝေးပွဲတွင်လည်း သူမှားသည်ဟု ထင်ပါက သို့မဟုတ် လိုအပ်ပါက မည်သူမဆို ထောက်ပြနိုင်ကြောင်း, အကြံပေးနိုင်ကြောင်း ဖိတ်ခေါ်၏။ မှန်ကန်သော ဝေဖန်မှုကိုလည်း လက်ခံ၏။ မိမိတွေ့ဘူးသည့် လူကြီးအချို့မှာ ထိုသို့မဟုတ်၊ ပြောသမျှကိုပဲ နားထောင်နေရသည်၊ ပြန်လှန် အတွန့် တက်တာမျိုး မကြိုက်၊ လူကြီးကို ကလန်ကဆန်လုပ်သည်, အာခံသည်ဟုဆိုကာ အပြစ်ရှာတတ် သည်။ အငြိုးအတေးလည်း ထားတတ်သည်။ တစ်ချို့ဆို ကျောင်းတိုက်ကပင် နှင်ထုတ်တတ်သည်။ “ငါ့ကျောင်းမှာ မင်းလာနေတာ၊ ငါမကြိုက်လည်း မင်းထွက်၊ မင်းမကြိုက်လည်း မင်းထွက်” ဟုပင် ကြားဘူးသည်။ ဆရာသည်ကား နှင်ထုတ်ဖို့ဝေးစွ၊ အပြစ်ရှာခြင်း, အငြိုးအတေးထားခြင်းပင် မရှိပါ။ “ဘုရားရှင်နှင့် အရှင်သာရိပုတ္တရာ, အရှင်မဟာကဿပစတဲ့ ရဟန္တာ သာဝကကြီးတွေတောင်မှ တပည့်တွေရဲ့ ပြစ်တင်ခြင်းကိုခံရတာပဲ၊ ဒို့လို ပုထုဇဉ်တွေမှာ ဒါတွေ ဘယ်ကင်းနိုင်မလဲ” လို့များ ဆရာ့ စိတ်ထဲရှိနေမလား၊ ဒါမမဟုတ် “လူ့လောကထဲနေရင် လူတွေရဲ့ ကောင်းသံ ဆိုးသံတွေကို ကြားနေရ မှာဘဲ” လို့များ ခံယူချက်ထားလေသည်လား ဆိုတာတော့ ဆရာသည်သာလျှင် သိပါလိမ့်မည်။
အမြင်ကျယ်၍ ခေတ်မီသော ဆရာ
တိုက်တာကြီးတစ်ခုကို တည်ထောင်အုပ်ချုပ်သူတို့သည် သာမန်အသိပညာနဲ့ အပေါ်ယံ အတွေးအခေါ်, သူလိုကိုယ်လို စိတ်ထားရှိရုံမျှဖြင့် အများတကာရဲ့ယုံကြည်ကိုးစား အလေးထားမှုကို ခံယူနိုင်စွမ်းရှိသူတစ်ယောက် မဖြစ်နိုင်ပါ။ သူတို့သည် သာမန်ဘ၀ကလာသော်လည်း သာမန်ထက် သာလွန်တဲ့ အရည်အချင်းနဲ့ လုပ်ဆောင်နိုင်စွမ်းတွေ ကိန်းအောင်နေတယ်ဆိုတာ ကာယကံရှင် ကိုယ်တိုင်တို့ပင် သိနိုင်မည်မဟုတ်ပါ။ ကြောင်လက်သည်းပမာ အခြေအနေနှင့် အချိန်အခါအရ ပေါ်ထွက်လာတတ်သည့် သူတို့ရဲ့ သဘာဝစွမ်းရည်တွေကိုသာ ပတ်ဝန်းကျင်က အကဲခတ် ခန့်မှန်းနိုင် ကြပါသည်။
မိမိတို့ဆရာသည် ကိုယ်တိုင် စာပေ၀ါသနာပါသူဖြစ်ရုံမက အနာဂတ်ခေါင်းဆောင်တွေ ဖြစ်လာ ကြမည့် စာသင်သားတို့အတွက်လည်း အထွေထွေ ဗဟုသုတရှိစေဖို့ အားလပ်ချိန်တွေမှာ စာပေမျိုးစုံ ဖတ်ရှုနိုင်စေရန် စာသင်တိုက်ကြီးတွေမှာ မရှိသေးသည့် ခေတ်မီစာကြည့်တိုက်ကြီးကိုလည်း ပညာရှင် တို့၏ အကူအညီနှင့် စာကြည့်တိုက်မှူးများထားရှိကာ ဖွင့်လှစ်ပေးထားသည်။ စာအုပ်တိုက်များစွာမှ ထုတ်ဝေသည့် စာအုပ်မျိုးစုံကိုလည်း လစဉ်တိုင်း ဖြည့်သွင်းစေသည်။
သင်ကြားရေးဆိုင်ရာမှာလည်း အချိန်ကုန်သက်သာစေပြီး ထိရောက်မှုရှိစေနိုင်တဲ့ လက်ဆောင် ကျမ်းဂန်အစုံအလင်နဲ့ သက်ဆိုင်ရာအတန်းအလိုက် အဖြေစုံများစွာကိုလည်း စီမံပေးသည်။ နွေရာသီ ကျောင်းပိတ်ရက်တွေမှာလည်း စာသင်သားများ လည်ပတ်အချိန်ဖြုန်းနေခြင်းများကင်းဝေးပြီး အကျိုးရှိ စေဖို့ နွေရာသီသင်တန်းတွေကို နှစ်ပေါင်းများစွာ ဖွင့်လှစ်သင်ကြားပေးခဲ့သည်။
ဒါတင်မက အနာဂတ် သာသနာ့တာဝန်ကို ပုခုံးပြောင်းထမ်းဆောင်ကြမည့် ထိုသာသနာ့ အညွန့်အညှောက်ကလေးများ၏ ပညာအရည်အချင်း ဘက်စုံပြည့်ဝစေဖို့ တတ်သိနားလည်သူတို့၏ အကူအညီကို ရယူကာ အင်္ဂလိပ်စာကို ပါဠိစာပေနှင့်တွဲဖက်၍ စီမံသင်ကြားစေပါသည်။ ဆရာ၏ အမြင်ကျယ်၍ ခေတ်မီမှုကို အရှည်မျှော်တွေးတတ်သူတို့က ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်နေကြပါပြီ။ သာသနာ့တာဝန်ကို ကျေပွန်စွာထမ်းဆောင်သောဆရာ၏ သမိုင်းတွင်သည့် လုပ်ဆောင်ချက်တွေ ကြောင့် ဤကျောင်းတိုက်ကြီး ဖြစ်လာရသလို ကျောင်းတိုက်ကြီးကလည်း ဆရာ၏ ဂုဏ်သိက္ခာကို ပိုမို၍ အရောင်တင် ပြောင်ဝင်းစေပါသည်။
အချုပ်ဆိုရသော် ဆရာနှင့်တပည့်၊ တပည့်နဲ့ဆရာ ပီတိတွေ မျှဝေခံစားပြီး မိမိအကျိုးနဲ့ လောကသားတို့ရဲ့ ကောင်းကျိုးကို အချင်းချင်း ခွင့်လွှတ်နားလည်မှု (mutual understanding), ကိုယ်ကျိုးစွန့် အနစ်နာခံမှု (self-sacrifice) တွေနဲ့ တည်ဆောက်လျက် လက်ချင်းတွဲ၍ စည်းလုံးစွာ အရှိန်အဟုန်မပျက် ဆောင်ရွက်နေကြမည်ဆိုပါလျှင် ဆရာအရှင်တို့၏ စွမ်းအားတို့ဖြင့် စီမံဖန်တီး ထားအပ်သော ဤကျောင်းတိုက်ကြီးသည် နှစ် (၄၀) ပြည့်မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် ယခုကဲ့သို့ပင် တိုးတက်၍သာ နေပေလိမ့်ဦးမည်။ ဆရာသမားတို့၏ ခြေရာကိုနင်းနိုင်မည့် အမြင် ကျယ်၍ ခေတ်မီသော သားကောင်းရတနာများ ပေါ်ထွက်လာပါစေဟု မျှော်လင့်တောင်းတလျှက်။

အရှင်သောဘဏာလင်္ကာရ

Print this post

No comments:

Post a Comment