1.1.10

အရှက်နှင့်အကြောက်တို့၏ နောက်ကွယ်၌


ဗုဒ္ဓဘာသာ၏ အန္တိမရည်မှန်းချက်ပန်းတိုင်သည် သံသရာ သို့မဟုတ် ကိလေသာ တို့မှ လွတ်မြောက်ရေး ပင်ဖြစ်၏၊ ထိုသို့သော လွတ်မြောက်ရေးကို တောင့်တမှုဖြင့် မရနိုင်၊ ကိုယ်ကျင့်သီလပြည့်စုံမှု, ကျင့်ကြံအားထုတ်မှုဖြင့်သာ ရနိုင်၏၊ ယင်း ကိုယ်ကျင့် တရားဟူသည်မှာလည်းဟိရီသြတ္တပ္ပနှင့်ပြည့်စုံမှု အပေါ်တွင် တည်မှီနေ၏။ ထိုသို့ ဆိုလျင် ဟိရီဩတ္တပ္ပသည် လက်ရှိလူမှုဘ၀နှင့် လွတ်မြောက်ရေးအတွက် မည်မျှ အရေးပါကြောင်းကို အောက်ပါစကားရပ်ဖြင့် သိသာနိုင်၏။

ဟိရီသြတ္တပ္ပ (အရှက်အကြောက်) မရှိ၊ ပျောက်ပျက်သွားလျှင် ဣနြေ္ဒ စောင့်ထိန်း မှု (ဣန္ဒြိယသံဝရ) ပျောက်ပျက်သွား၏၊ ဣန္ဒြိယသံဝရ ပျောက်ပျက်သွားလျှင် ကိုယ်ကျင့် (သီလ) တရား ပျောက်ပျက်သွား၏၊


သီလတရား ပျောက်ပျက်သွားလျှင် မှန်ကန်သော တည်ကြည်မှု (သမ္မာသမာဓိ) ပျောက်ပျက်သွား၏၊ သမ္မာသမာဓိ ပျောက်ပျက်သွားလျှင် အမှန်ကိုသိမြင်မှု (ယထာဘူတဉာဏ်အမြင်) ပျောက်ပျက်သွား၏၊

ယထာဘူတဉာဏ်အမြင် ပျောက်ပျက်သွားလျှင် ခန္ဓာကိုယ်၌ ငြီးငွေ့မှု- တပ်မက် ခြင်းကင်းမှု (နိဗ္ဗိဒါ-၀ိရာဂ)ဉာဏ် ပျောက်ပျက်သွား၏၊ နိဗ္ဗိဒါ-၀ိရာဂဉာဏ် ပျောက်ပျက် သွားလျှင် လွတ်မြောက်မှုကို သိမြင်သော (၀ိမုတ္တိဉာဏ ဒဿန)ဉာဏ် ပျောက်ပျက် သွား၏၊ ဥပမာအားဖြင့် အကိုင်းအခက်အလက်မရှိသော သစ်ပင်သည် အပွေးအခွံ-အကာအခေါက်-အနှစ်များပြည့်စုံစည်ပင်မှု မဖြစ်နိုင်သလိုပင်။ ဟိရီဩတ္တပ္ပနှင့်ပြည့်စုံ လျင်ကား ယင်းတို့နှင့် ပြောင်းပြန်အကျိုးတရားများ ဖြစ်လာမည်။ (အံ-၇၊ ဟိရီသြတ္တပ္ပ သုတ်)

ဟိရီသြတ္တပ္ပခေါ် အရှက်အကြောက်တရားတွေရှိ၍သာ လူတွေကို ယဉ်ကျေး သော သတ္တ၀ါ-ဟူ၍ ဆိုကြခြင်းဖြစ်ပေသည်။ ဟိရီသြတ္တပ္ပဆိုသည်ကို တိရစ္ဆာန်များ နားမလည်ကြပါ၊ သူတို့တွင် ညီအကို မောင်နှမ ဆိုသည်မရှိ၊ အဖေနှင့်သမီး၊ အမေနှင့် သား ဆိုသည်လည်းမရှိ၊ ဦးကြီးဦးလေး ဒေါ်ကြီး ဒေါ်လေး ဆိုသည်လည်း မရှိပါပေ။

ဟိရီနှင့် သြတ္တပ္ပတရားနှစ်ပါးသည် လောကကြီးကို စောင့်ရှောက်နေသည့် လောကပါလ တရားတို့ ဖြစ်ပေ၏။ ၎င်းတရား နှစ်ပါးမရှိလျင် အင်အားကြီးသူက အင်အားနည်းသူကို လုပ်ချင် သလို လုပ်ပစ်တတ် လေ့ရှိသည်။ နှိပ်စက်ချင် နှိပ်စက်မည်၊ စားချင်စားမည်၊ မေထုန်မှီဝဲလိုစိတ်ရှိလျင် မေထုန် မှီဝဲမည်။ ထိုအပြု အမူများသည် တိရစ္ဆာန်စိတ်ဓာတ် ပင်ဖြစ်၏။လူတို့မှာမူ အရှက်အကြောက်ဆိုသည် ရှိကြရစမြဲဖြစ်၏။
“မေထုန်မှီ-အိပ်-စားလို့၊
ယောင်္ကျားနဲ့ နွားမှာ၊
ပြည့်အစုံ ကုံလုံရှိပါ၏၊
သိပညာ တတ်တစ်ပါး၊
နွားထက် ပိုသာ”

ဆိုသည့် စဥ့်ပါဆရာတော်၏ ဆုံးမစာအရ မေထုန်မှီဝဲခြင်း၊ အိပ်ခြင်း၊ စားခြင်းဆိုသော အရာသုံးမျိုးတို့သည် ယောင်္ကျားနှင့်နွားမှာ တူညီမှုရှိကြသော်လည်း တူညီမှု မရှိသည့်အရာ, တိရစ္ဆာန်ထက်ပိုသည့်အရာမှာမူ ကောင်း,မကောင်း၊ သင့်,မသင့် အရာရာကို ချင့်ချိန်စဉ်းစား တတ်သော အသိပညာ တစ်ခုတည်းသာ ဖြစ်၏။ ချင့်ချိန် စဉ်းစားတတ်သော အသိပညာသာ မရှိပါလျှင် “ပညာမပွား၊ အသားပွား၊ နွားလားကြီး နှင့်တူ” ဆိုသည့် ဓမ္မပဒလာ စကားရပ်အရ နွားလားကြီးနှင့်သာ တူပေလိမ့်မည်။

၎င်း ဟိရီသြတ္တပ္ပတို့သည် အောက်ဖော်ပြပါ ပါဠိတော်ကို ဖတ်ရှုခြင်းအားဖြင့် ပညာမှ ဆင်း သက်လာခြင်းကြောင်း, ပညာ၏ နောက်လိုက်များဖြစ်ကြောင်း သိသာ၏။

“အ၀ိဇ္ဇာ ဘိက္ခဝေ ပုဗ္ဗင်္ဂမာ အကုသလာနံ ဓမ္မာနံ သမာပတ္တိယာ, အနွဒေ၀ အဟိရိကံ အနောတ္တပ္ပံ။
ဝိဇ္ဇာ ဘိက္ခဝေ ပုဗ္ဗင်္ဂမာ ကုသလာနံ ဓမ္မာနံ သမာပတ္တိယာ, အနွဒေ၀ ဟိရောတ္တပ္ပံ။”

အကုသိုလ်တရားများဖြစ်ပေါ်ရန် မသိနားမလည်မှု (အ၀ိဇ္ဇာ) တရားသည် ရှေ့သွား ခေါင်းဆောင်ဖြစ်ပြီး၊ အရှက်မရှိခြင်း (အဟိရိက)နှင့် အကြောက်အလန့် မရှိခြင်း (အနောတ္တပ္ပ)တို့သည် နောက်လိုက်များ ဖြစ်ကြ၏။

ကုသိုလ်တရားများဖြစ်ပေါ်ရန် ချင့်ချိန်စဉ်းစားတတ်သော အသိပညာ (၀ိဇ္ဇာ) တရားသည် ရှေ့သွား ခေါင်းဆောင်ဖြစ်ပြီး၊ ရှက်ခြင်းကြောက်ခြင်း (ဟိရီသြတ္တပ္ပ) တရား တို့သည် နောက်လိုက်များ ဖြစ်ကြ၏။ (အံ-၁၁၊ ၀ိဇ္ဇာသုတ်)

ဟိရီသြတ္တပ္ပကို ပုံစံအမျိုးမျိုးဖြင့် ဖွင့်ဆိုသုံးနှုန်းကြ၏၊ လမ်းခုလတ်တွင် ဖိနပ်ပြတ် သွားသည့် မိန်းကလေးတို့သည် “ရှက်လိုက်တာ”ဟူ၍ ပြောတတ်ကြသည်။ အိမ်အပြင် ဘက်တွင်ရှိသည့် အမှိုက်ပုံဆီသို့ အညစ်အကြေး အမှိုက်သရိုက်တွေ ပစ်ခိုင်းခံရသည့် သားသမီးတို့သည်လည်း “ရှက်တယ်” ဟူ၍ ပြောတတ်ကြပြန်သည်။ ဘုရား စေတီတို့ တွင် တံမျက်လှဲခြင်း၊ ပန်းနှင့် ရေချမ်းဟောင်းများ စွန့်ပစ်လဲလှယ်ခြင်းစသည့် ကုသိုလ် လုပ်ငန်းများ လုပ်ရာမှာလည်း တစ်ချို့က ရှက်တတ်ကြပြန်သည်။

သူတို့၏ ရှက်တတ်, ကြောက်တတ်လိုက်ကြပုံမှာ လွန်လွန်းပါ၏။ ဆရာမိဘတို့ မသိစေဘဲ ဘီယာ အရက် သောက်ခြင်း, လိမ်ညာခြင်း, မိဘမျက်နှာပျက်စရာ အမှုများကိုပြုခြင်းစသည့် မဟုတ်မဟတ် လုပ်ငန်းများကို စိတ်ပါဝင်စားစွာ ပြုလုပ်ရေးမှာမူ မရှက်တတ် မကြောက် တတ်ကြပါ။ ထို့ကြောင့်ပင်-“အလဇ္ဇိတာယေ လဇ္ဇ န္တိ၊ လဇ္ဇိတာယေ န လဇ္ဇရေ” - မရှက် မကြောက် သင့်သော အရာတို့၌ ရှက်ကြောက်တတ်ကြပြီး၊ ရှက်ကြောက်သင့် သောအရာတို့၌ကား မရှက် မကြောက်တတ် ကြပေ - ဟူ၍ ဘုရားရှင် ဟောတော်မူခဲ့၏။

လူတစ်ယောက်မှာ ‘အရှက်’ မရှိတော့လျင် ‘သိက္ခာ’ လည်း မရှိနိုင်ပေ၊ သိက္ခာ ကင်းမဲ့သူမှာ ကောင်းမြတ်သော လူ့စံနှုန်း လူ့တန်ဖိုးဆိုသည့်အရာများလည်း ကွယ် ပျောက်စမြဲပင်။ ထို့ကြောင့် မိမိ၏ “အရှက်နှင့်သိက္ခာ” ကို တန်ဖိုးထားကာကွယ်ကြရ မည်။

“ရိက္ခာအတွက်
သိက္ခာတော့ အပျက်မခံ
လူ့တစ်လွှားမှာလည်း
မုသားလျှာ သကာဖုံး
ပြုံးပန်းမပန်
နှလုံးခါးနဲ့လည်း အကောက်မကြံ
ဖောက်ပြန်တဲ့လမ်းကိုလည်း မလျှောက်
ဘ၀တာ ရေတစ်ပွက်မှာ
ခဏတာ အသရေပျက်မှာကိုတော့
သေမှာထက်ကြောက်”

ဆိုသည့် ကဗျာလေးတစ်ပုဒ်ကို စာစောင်တစ်ခုတွင် ဖတ်လိုက်ရသည်။ မည်သူရေးကြောင်းကိုကား မမှတ်မိလိုက်ပါ။
“ရိက္ခာနဲ့ သိက္ခာယှဉ်လာရင်
ရိက္ခာကို အရေးမပေး
သိက္ခာကိုသာ အရေးပေးမယ်”

ဆိုပြီး ကဗျာဆရာကြီး ‘မောင်တင်မိုး’ ကလည်း စပ်ဆိုခဲ့သည်။ မိမိ၏သိက္ခာကို တန်ဖိုးထားသင့်ကြောင်းကို ဖော်ပြသည့် စာပိုဒ်တို့ပင် ဖြစ်သည်။ မိမိ၏ သိက္ခာကိုတန်ဖိုးထားခြင်းအားဖြင့် “အရှက်တရားရှိ၏”ဆိုသော ဂုဏ်ပုဒ်ကိုလည်း အလိုလို ပိုင်ဆိုင်သူဖြစ်ပါလိမ့်မည်။ ‘အရှက်’ နှင့် ‘သိက္ခာ’ သည် ဒင်္ဂါးပြား၏ ခေါင်းနှင့်ပန်းကဲ့သို့ပင် ဖြစ်ကြပေ၏။ ခွဲခြား၍ မရနိုင်ပါ။

စာပေစကားနှင့်ပြောရလျင် - သိက္ခာဆိုသည်မှာ သီလ, သမာဓိ, ပညာတို့ပင် ဖြစ်၏။ ဆင့်ကဲ ဖြစ်စဉ် သဘောတရားအရ ကိုယ်ကျင့်တရား (သီလ), တည်ကြည် ငြိမ် သက်မှု (သမာဓိ) နှင့် ထိုးထွင်းသိမြင်မှု (ပညာ)တို့သည် ဟိရီသြတ္တပ္ပခေါ်သည့် ရှက်တတ်ကြောက်တတ်မှုမှ မြစ်ဖျားခံဆင်းသက်လာသည့် အကျိုးတရား တို့ပင် ဖြစ်ကြ ၏။ သို့သော်လည်း တစ်ခါတရံ အဟိရီက အနောတ္တပ္ပခေါ် အရှက်အကြောက် မရှိခြင်း သည်ပင် အသက်မွေးဝမ်းကြောင်းမှုပြုရန် လွယ်ကူသလိုဖြစ်နေသောကြောင့် “ဟိရီ သြတ္တပ္ပ”ဆိုသည်ကို ဂရုမစိုက်ချင် ကြတော့ပါ။

“သုဇီဝံ အဟိရိကေန၊ ကာကသူရေန ဓံသိနာ” ကျီးကဲ့သို့ရဲတင်းသော, သူတစ်ပါးတို့၏ ဂုဏ်ကျေးဇူးကို ဖျက်ဆီးတတ်သော, အရှက်မရှိသောသူသည် အသက်မွေးခြင်းငှါ လွယ်ကူ၏- ဟု မြတ်စွာဘုရား ဟောကြား ခဲ့သည်ကို ဓမ္မပဒပါဠိတော်၌ တွေ့နိုင်၏။ “ကြိုက်မရှက် - ငိုက်မရှက် - ငတ်မရှက်” ဟူ၍ မရှက်သုံးပါးရှိကြောင်း ရှေးစာဆိုများကလည်း ဆုံးမစကား ထားခဲ့ကြ၏။

မစင်အညစ်အကြေးကို မြင်သည့်အခါ စက်ဆုတ်ရွံရှာသကဲ့သို့ မကောင်းမှုတို့ကို စက်ဆုတ်ရွံရှာတတ်မှု သဘောကို ဟိရီ- ဟု ခေါ်သည်။ အပူကိုမြင်သည့်အခါ ကြောက် လန့်သကဲ့သို့ မကောင်းမှုတို့ကို ကြောက်လန့်တတ်မှုသဘောကို သြတ္တပ္ပ- ဟု ခေါ် သည်။

မကောင်းမှုတို့ကို ရွံရှာခြင်း ကြောက်လန့်ခြင်းတို့သည် ကုသိုလ်ဖြစ်ခြင်း သဘော အားဖြင့်တူကြသော်လည်း ၎င်းတို့တွင် မတူထူးခြားသည့် အချက်များရှိကြသည်။

ရှက်ခြင်းသဘောတရားသည် မိမိခန္ဓာကိုယ်၏အတွင်းဘက် အဇ္ဈတ္တသန္တာန်မှ ဖြစ်ပေါ်လာပြီး၊ ကြောက်ခြင်း သဘောတရားမှာမူ မိမိခန္ဓာကိုယ်၏ အပြင်ဘက် ဗဟိဒ္ဓ သန္တာန်မှ ဖြစ်ပေါ်လာသည်။

ရှက်ခြင်းသဘောတရားသည် မိမိကိုယ်ကိုမိမိ အကြီးအကဲအဖြစ် အုပ်စိုးခြယ်လှယ်နိုင်မှုအဖြစ်၌တည်ရှိပြီး၊ ကြောက်ခြင်းသဘောတရားမှာမူ လောကသား အခြားသူ များကို အကြီးအကဲအဖြစ် အုပ်စိုးခြယ်လှယ် နိုင်မှုအဖြစ်၌တည်ရှိသည်။

ဟိရီသည် ရှက်ခြင်းသဘောတရား၌တည်ပြီး၊ ဩတ္တပ္ပသည် ကြောက်လန့်ခြင်း သဘောတရား၌ တည်သည်။
ဟိရီသည် ရိုသေကျိုးနွံခြင်း လက္ခဏာရှိပြီး၊ ဩတ္တပ္ပသည် အပြစ်ကို ကြောက် ခြင်း, ဘေးဟုရှုမြင်ခြင်း လက္ခဏာရှိသည်။
အောက်ပါအကြောင်း (၄)မျိုးတို့က ဟိရီကို ဖြစ်ပေါ်စေသည်။ ဖြစ်စေပုံ --

၁။ “မကောင်းမှုကို ပြုခြင်းမည်သည် အမျိုးဇာတ်မြင့်မြတ်သူတို့၏ အလုပ်မဟုတ်၊ နိမ့်ကျသော တံငါသည် စသူတို့၏ အလုပ်သာဖြစ်သည်၊ ငါကဲ့သို့ အမျိုးဇာတ် မြင့်မြတ်သူမှာ ဤမကောင်းမှုကို ပြုရန် မသင့်လျော်ချေ” ဟု အမျိုးဇာတ်ကို ဆင်ခြင်၍ သူတစ်ပါး အသက်ကို သတ်ခြင်းစသည့် မကောင်းမှုကို မပြုလျှင် ဟိရီ (ရှက်ခြင်း) ကို ဖြစ်စေရာ ရောက်သည်။

၂။ “မကောင်းမှုကို ပြုခြင်းမည်သည် ငယ်ရွယ်သူတို့သည်သာ ပြုလုပ်သော အမှုဖြစ်၏၊ ငါကဲ့သို့ အရွယ်ရောက်သူတို့သည် မကောင်းမှုကို ပြုရန် မသင့်လျော်ချေ” ဟု အရွယ်ကို ဆင်ခြင်၍ သူတစ်ပါးအသက်ကို သတ်ခြင်းစသည့် မကောင်းမှုကို မပြုလျှင် ဟိရီ (ရှက်ခြင်း) ကို ဖြစ်စေရာရောက်သည်။

၃။“မကောင်းမှုကို ပြုခြင်းမည်သည် (အဖက်ဖက်က) အားနည်းသော သဘောရှိ သူတို့သည်သာ ပြုလုပ်သောအမှုဖြစ်၏၊ ငါကဲ့သို့ ရဲရင့်မှုနှင့် ပြည့်စုံသောသူတို့သည် မကောင်းမှုကို ပြုရန်မသင့်လျော်ချေ” ဟု ရဲရင့်မှုကို ဆင်ခြင်၍ သူတစ်ပါးအသက်ကို သတ်ခြင်းစသည့် မကောင်းမှုကို မပြုလျှင် ဟိရီ (ရှက်ခြင်း) ကို ဖြစ်စေရာရောက်သည်။

၎။ “မကောင်းမှုကို ပြုခြင်းမည်သည် မိုက်ကန်းသောသူတို့၏ အလုပ်ဖြစ်၏၊ ပညာရှိသူတို့၏ အလုပ်မဟုတ်၊ ငါကဲ့သို့ ပညာ, ဗဟုသုတရှိသူတို့သည် မကောင်းမှုကို ပြုရန်မသင့်လျော်ချေ” ဟု ဗဟုသုတရှိမှုကို ဆင်ခြင်၍ သူတစ်ပါး အသက်ကို သတ်ခြင်း စသည့် မကောင်းမှုကို မပြုလျှင် ဟိရီ (ရှက်ခြင်း) ကို ဖြစ်စေရာရောက်သည်။

ဤကဲ့သို့ အကြောင်း (၄) မျိုးတို့ဖြင့် ဟိရီ (ရှက်ခြင်းတရား)ကို ဖြစ်စေပြီးနောက် မိမိ၏စိတ်ကို ရှက်ခြင်း၌ သက်ဝင်စေလျှင် မကောင်းမှုကို မပြုလုပ်တော့ပါ။

ကြောက်ခြင်းတရားသည် အပြင်ဘက် (ဗဟိဒ္ဓ) ကြောင့်ဖြစ်ပုံ --
“အကယ်၍ သင်သည် မကောင်းမှုကိုပြုလျှင် ပရိသတ်လေးပါးတို့၌ (သီလရှိသူ တို့၏) ကဲ့ရဲ့ဖွယ်ရာ ဖြစ်လိမ့်မည်” ဟု ဆင်ခြင်သော် မကောင်းမှုကို ပြုဖြစ်လိမ့်မည် မဟုတ်။

ဟိရီက မိမိကိုယ်ကိုမိမိ အကြီးအကဲအဖြစ်ထားရှိပုံ--
ဤလောက၌ အမျိုးကောင်းသားသည် မိမိကိုယ်မိမိ အကြီးအကဲအရာ၌ထားပြီး “ငါကဲ့သို့ သဒ္ဓွါတရား နှင့် ရဟန်းပြုလာသော ဗဟုသုတရှိသူသည် မကောင်းမှုကို ပြုလုပ်ခြင်းငှါ မသင့်လျော်” ဟု စဉ်းစားပြီး မကောင်းမှုကို မပြုလုပ်။ ထိုအမျိုးကောင်း သားသည် ဤကဲ့သို့ မိမိကိုယ်ကိုမိမိ ဆုံးမတတ်သူ အကြီးအကဲအရာ၌ထား၍ အကုသိုလ်, အပြစ်ရှိသောတရားကို ပယ်ရှားပြီး၊ ကုသိုလ်, အပြစ်မရှိသောတရားကို ဖြစ်ပွားစေကာ မိမိစိတ်ကို ဖြူစင်အောင် စောင့်ရှောက်သည်။

ဩတ္တပ္ပက မိမိမှတစ်ပါး တစ်ခြား လောကသားကို အကြီးအကဲအဖြစ်ထားရှိပုံ--
လူအပေါင်းနေထိုင်သော လောကကြီးသည် ကျယ်ဝန်းလှ၏၊ ထိုလောကကြီးထဲ၌ တန်ခိုးရှိသူ နတ်မျက်စိရှိသူ သူတစ်ပါးစိတ်ကိုသိနိုင်သူတို့သည် ငါနှင့် မည်မျှပင်ဝေးသော်လည်း ငါ့ကိုမြင်နိုင်ကုန်၏၊ ငါနှင့်နီးနေပါ သော်လည်း သူတို့ကို ငါက မမြင်နိုင်၊ သူတို့၏စိတ်ဖြင့်လည်း ငါ့စိတ်ကို သိကြကုန်၏၊ “အမောင်တို့ ဤအမျိုးကောင်းသားကို ကြည့်ကြစမ်းပါ၊ သဒ္ဓါတရားနှင့်ရဟန်းပြုလာပါလျက် ယုတ်မာကုန်သော အကုသိုလ် တရားတို့နှင့် ရောပြွမ်း၍ နေဘိ၏” ဟုလည်း ငါ့စိတ်ကို သိကြပေလိမ့်မည်။

ဤသို့လျင် လောကကြီး (လောကထဲ၌ရှိနေသူတို့)ကို ဆုံးမတတ်သူ အကြီးအကဲအဖြစ်, အလေး ဂရုပြုစရာအဖြစ်ထားပြီး အကုသိုလ် ပယ်ရှား ကုသိုလ်ပွားကာ မိမိစိတ်ကို ဖြူစင်အောင် စောင့်ရှောက်သည်။

ဟိရီသည် ရှက်ခြင်းသဘောတရား၌တည်ရှိပြီး ဩတ္တပ္ပသည် (အပါယ်ဘေးမှ) ကြောက်ခြင်းသဘောတရား၌ တည်ရှိသည်။ ထိုနှစ်ပါးစုံသည် မကောင်းမှုမှ ရှောင်ကြဉ်ခြင်းပင်ဖြစ်၏ ဟုဆိုသည်မှာ ထင်ရှားသည်။ ထင်ရှားပုံမှာ- သံတွေခဲနှစ်ခုတို့တွင် တစ်ခုသည် အေးမြနေသော်လည်း မစင်ကျင်ကြီးပေကျံနေသည်၊ တစ်ခုသည် ပူလောင်ပြီး အလျှံတစ်ညီးညီး ဖြစ်နေသည်။

အေးမြသောသံတွေခဲသည် မစင်ကျင်ကြီး ပေကျံနေ သဖြင့် စက်ဆုတ်စရာကောင်းသောကြောင့် သိနားလည်သူက မကိုင်ပါ။ ပူလောင်နေ သော သံတွေခဲကိုလည်း ပူလောင်မှုဘေးမှ ကြောက်သဖြင့် မကိုင်။
ထိုနည်းတူစွာ ပညာရှိသည် ဟိရီဖြင့် စက်ဆုတ်သောကြောင့် မကောင်းမှုကို မပြု၊ ဩတ္တပ္ပဖြင့် အပါယ်ဘေးမှ ကြောက်သောကြောင့် မကောင်းမှုကို မပြုပေ။

ဟိရီက ရိုသေကျိုးနွံခြင်း လက္ခဏာရှိပုံ- တစ်ချို့သောသူသည် အမျိုးဇာတ် မြင့် မြတ်မှုကို ဆင်ခြင်ခြင်း၊ ဆရာ၏မြင့်မြတ်မှုကို ဆင်ခြင်ခြင်း၊ အမွေခံ၏ မြင့်မြတ်မှုကို ဆင်ခြင်ခြင်း၊ အတူနေသီတင်းသုံးဖော်တို့၏ မြင့်မြတ်မှုကို ဆင်ခြင်ခြင်းဟူသော အကြောင်း (၄) မျိုးတို့၌ ဂါရ၀တရားဖြင့် ရိုသေကျိုးနွံမှု လက္ခဏာရှိသော ဟိရီကို ဖြစ် စေပြီး မကောင်းမှုကို မပြု။

ဩတ္တပ္ပက အပြစ်ကို ကြောက်ခြင်း, ဘေးဟုရှုမြင်ခြင်း လက္ခဏာရှိပုံ-
တစ်ချို့သောသူသည် မိမိကိုယ်ကို စွပ်စွဲခြင်း (အတ္တာနုဝါဒဘေး)၊ သူတစ်ပါးတို့၏ စွပ်စွဲမှုကိုခံရခြင်း (ပရာနုဝါဒ ဘေး)၊ အပြစ်တစ်မျိုးမျိုးလုပ်မိသဖြင့် ဒဏ်တပ်ခံရခြင်း (ဒဏ္ဍဘေး)၊ မကောင်းမှုပြုမိသဖြင့် သေပြီးနောက် အပါယ်ငရဲကျခြင်း (ဒုဂ္ဂတိဘေး) ဟူသော အပြစ်တို့မှ ကြောက်လန့်သောကြောင့် အပြစ်ကို ကြောက်ခြင်း, ဘေးဟုရှုမြင်ခြင်း လက္ခဏာရှိသော ဩတ္တပ္ပကို ဖြစ်စေပြီး မကောင်းမှုကို မပြု။ (ဣတိဝုတ္တက အဋ္ဌကထာ၊ ၁၅၂)

ဆိတ်ခွေးစသော တိရစ္ဆာန်တို့သည် အရှက်အကြောက်ကင်းသဖြင့် အမေ-အဒေါ်နှင့် လေးစားထိုက်သူများ ဟူသော အမှတ်သညာမပြုဘဲ စည်းကမ်းပျက်ကာ အမေ-အဒေါ်စသူတို့၌ ဆက်ဆံပေါင်းသင်းမှုပြုကုန်သကဲ့သို့၊ ထိုနည်းတူစွာ ဟိရီဩတ္တပ္ပ ဟူသော အပြစ်ကင်းသောတရားနှစ်ပါးသည် လောကကို မစောင့်ရှောက်လျင် (လောက ကို စောင့်ရှောက်တတ်သော ၎င်းတရားနှစ်ပါးမရှိလျင်) “ရှက်စရာကြောက်စရာ”ဟူ၍ မထင်မှတ်တော့ ဘဲ ထင်ရာစိုင်းကြပေလိမ့်မည်။

ထိုသို့ဖြစ်ပါမူ-
ယေသံ စေ ဟိရိဩတ္တပ္ပံ၊ သဗ္ဗဒါ စ န ၀ိဇ္ဇတိ။
ဝေါက္ကန္တာ သုက္ကမူလာ တေ၊ ဇာတိမရဏဂါမိနော။

(ကုသိုလ်တရားတို့၏ တည်ရာဖြစ်သော ဟိရီဩတ္တပ္ပမရှိလျှင်) ကုသိုလ်တရား တို့မှလျောကျ၍ ထိုဟိရိဩတ္တပ္ပ မရှိသောပုဂ္ဂိုလ်တို့သည် အိုနာသေဟူသော သံသရာဝဋ် ဆင်းရဲမှ မလွန်မြောက်နိုင်ကြကုန်။

မိမိ၏ အရှက်နှင့် သိက္ခာကို တန်ဖိုးထားတတ်ပါမူကား-
ယေသဉ္စ ဟိရိဩတ္တပ္ပံ၊ သဒါ သမ္မာ ဥပဋ္ဌိတာ။
ဝိရူဠှဗြဟ္မစရိယာ တေ၊ သန္တော ခီဏပုနဗ္ဘ၀ါ။

ဟိရီဩတ္တပ္ပကောင်းစွာတည်ရှိပါမူကား မကောင်းမှုပြုခြင်းမှ ရှက်ကြောက်ကာ ထိုမကောင်းမှုကို ပယ်စွန့်သော သူတို့သည် သာသနဗြဟ္မစရိယ, မဂ္ဂဗြဟ္မစရိယ စည်ပင်စေလျှက် မဂ်တရားများရရှိကာ ကိလေသာခပ်သိမ်း ငြိမ်းအေးသူ, နောင်တစ်ဖန် ဘ၀သစ်မဖြစ်တော့သူများ ဖြစ်နိုင်မည်။ (ဣတိဝုတ္တကပါဠိ၊ ၂၂၀)

လောကပါလခေါ် အရှက်အကြောက်တရားများ ရှိခြင်း,မရှိခြင်း၏ အပြစ်နှင့် အကျိုး ထိုနှစ်မျိုးကို သိမြင်ကာ တန်ဖိုးထားနိုင်သူများ ဖြစ်ကြပါစေသော်…..
(အင်္ဂုတ္တိုရ်ပါဠိ၊ ဣတိဝုတ်ပါဠိနှင့် အဋ္ဌကထာတို့ကို ကိုးကားရေးပါသည်။)

အရှင်သောဘဏာလင်္ကာရ
B.H.U

Print this post

No comments:

Post a Comment