9.1.10

“အဓိပ္ပါယ်ရှိတဲ့ အတ္တ"


ဒီနေ့ စဉ်းစားကြည့်မိတဲ့ အကြောင်းအရာလေးတစ်ခုကတော့ အတ္တဟိတနဲ့ ပရဟိတအကြောင်းလေးပါ၊ နောက်တော့ “ငါက လောကကြီးနဲ့ မဆန့်ကျင်ဘူး၊ လောကကြီးကသာ ငါနဲ့ ဆန့်ကျင်တာ” ဆိုတဲ့ ဘုရားရှင်ရဲ့ စကားတစ်ခွန်းပေါ့။ အင်း ဟုတ်ပ။ လောကကြီးဆိုတာ တကယ်တော့ ဌာနူပစာသဘောတရားအရ ပြောတာပါ၊ “ဟိုဘက်အိမ်က ဆူလိုက်တာကွာ” ဆိုရာမှာ အိမ်ကြီးကတော့ မဆူပါဘူး၊ အိမ်ထဲမှာနေတဲ့ သူတွေက ဆူတယ်ဆိုတာမျိုးပေါ့။ လောကကြီးထဲမှာ နေတဲ့သူတွေက ဘုရားနဲ့ ဆန့်ကျင်နေကြတာ။"

မြတ်ဗုဒ္ဓရဲ့ သံသရာဘ၀လမ်းခရီးတစ်လျှောက်လုံးကို ပြန်ကြည့်မယ်ဆိုရင် “ပရဟိတ၀ါဒသမား” တစ်ယောက်ဖြစ်တယ်ဆိုတာကို သိနိုင်ပါတယ်။ ပါရမီစတင် ဖြည့်တော်မူခဲ့တဲ့ ဘ၀ကစလို့ ပရိနိဗ္ဗာန်စံတော်မူ တဲ့ အချိန်အထိ ကိုယ်ကျိုးကို ရှေ့တန်းမတင်ဘဲ သူတစ်ပါးကောင်းစားရေးကိုသာ ရှေးရှုတော်မူခဲ့ပါတယ်။


လောကသားတို့၏ ကောင်းကျိုး (လောကတ္ထစရိယ), ဆွေမျိုးတို့၏ ကောင်းကျိုး (ဉာတတ္ထစရိယ), မိမိ၏ (ဗောဓိဉာဏ်ရခြင်း) ကောင်းကျိုး (ဗုဒ္ဓတ္ထစရိယ) ဆိုတဲ့ စရိယ ၃-ပါးကို အစဉ်အတိုင်း ကျင့်တာပါ။ လူတွေကတော့ ဒီလို မဟုတ်ဘူး၊ မိမိ ကောင်းကျိုးရဖို့က ပထမ, ဆွေမျိုးကောင်းကျိုးက ဒုတိယ, လောကလူသားတို့ရဲ့ ကောင်းကျိုးက တတိယအနေနဲ့ ကျင့်ကြတာပါ။ ဒီလိုဆိုတော့ မြတ်ဗုဒ္ဓနဲ့ လောက လူသားတွေ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတယ်ဆိုတယ် သိနိုင်ပါတယ်။

ကိုယ်ကိုယ်တိုင် ပရဟိတ၀ါဒသမားတစ်ယောက်ဖြစ်ရုံတင် မဟုတ်ပါဘူး၊ ဘုရားဖြစ်ပြီး မကြာခင်မှာဘဲ သူ့တပည့်ရဟန်းခြောက်ကျိပ်တို့ကို “စရထ ဘိက္ခဝေ စာရိကံ- ခရီးကြွကြ၊ လောကာနုအတ္ထာယ ဓမ္မံ ဒေသေဟိ- လူသားတို့၏ ကောင်းကျိုးရရှိစေရန် တရားဟောကြ” လို့ မိန့်တော်မူခဲ့တယ်။
သူတစ်ပါးအကျိုးမကြည့်ဘဲ ကိုယ်ကျိုးသာကြည့်တတ်သူတွေကိုလည်း အစွန်းနှစ်ဖက် မစင်ကျင်ကြီး ပေနေတဲ့ ထင်းတုံးနဲ့ နှိုင်းယှဉ်ပြီး ဟောတော်မူခဲ့ပါတယ်။ ဘာမှအသုံးမကျဘူးဆိုတဲ့ သဘောပေါ့။

နီတိဆရာတွေကလည်း --
သစ္စံ ပုနပိ သစ္စ န္တိ၊ ဗာဟုမုက္ခိပ ၀ုစ္စတေ။
သကတ္ထော နတ္ထိ နတ္ထေ၀၊ ပရဿတ္ထ မကုဗ္ဗတော-လို့ ဖွင့်ဆိုခဲ့ကြပါတယ်။ အဓိပ္ပါယ်ကတော့ “သူတစ်ပါးအကျိုးကို မပြုလုပ်သောသူမှာ မိမိအကျိုးဆိုတာ မရှိနိုင်ဘူး၊ ဒီစကားဟာ သိပ်ကို မှန်တယ်လို့ လက်ရုံးလက်မောင်းတန်း၍ ဆိုလိုက်စမ်းပါ” တဲ့။

လူအများစုက သူတစ်ပါးအကျိုးထက် မိမိအကျိုးကို ပိုပြီး ရှေ့တန်းတင်တတ်ကြပါတယ်။ အတ္တကို ရှေ့တန်း တင် တယ်လို့တောင် ပါဠိစကားနဲ့ ပြောကြပါသေးတယ်။ ဒါဟာ မှန်ကန်တဲ့ သဘာဝတစ်ခုလို ဖြစ်နေပါပြီ။ “အမှားကြာတော့ အမှန်ဖြစ်” ဆိုသလိုပေါ့။
တကယ် အတ္တကို ရှေ့တန်းတင်မယ်၊ ကိုယ့်အကျိုးကို ပိုပြီးကြည့်တတ်ကြမယ်ဆိုရင်လည်း အကျိုး အရှိဆုံးအတ္တကို ရှေ့တန်းတင်မယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ။ ဒီလိုမျိုး အတ္တကို ရှေ့တန်းတင်မယ် ဆိုရင် မြတ်ဗုဒ္ဓကလည်း သဘောကျတော်မူပါတယ်။

ဘယ်လိုမျိုးအတ္တလဲဆိုရင် ဆင်းရဲခြင်းမျိုးစုံ အကုန်တွေ့နေရတဲ့ မိမိတို့ရဲ့ ဒီဘ၀ ဒီခန္ဓာကိုယ်ကြီးကို အဆုံးသတ်စေမယ့် အရဟတ္တမဂ် + ဖိုလ်ကို ငါ ရအောင် အားထုတ်မယ်ဆိုတဲ့ အတ္တပဲ ဖြစ်ပါတယ်။ ဘ၀တစ်လျှောက်လုံး ပူလောင်စေမယ့် အကျိုးမရှိတဲ့ အတ္တမျိုးကို ဘာဖြစ်လို့ ရှေ့တန်းတင် ချင်ကြတာလဲ။ အဓိပ္ပါယ်ရှိတဲ့ အတ္တမျိုးဖြစ်ပါစေ။

Print this post

No comments:

Post a Comment