ထိတ်လန့်မှု သို့မဟုတ် ကြောက်ရွံ့မှုဆိုတာကို အမြင်အမျိုးမျိုး ရှုထောင့်အသွယ်သွယ်ကနေ သုံးသပ် တင်ပြတတ်ကြပါတယ်။ ကိုယ့်မှာ ဘာအမှားမှ မရှိပါဘဲနဲ့ လူများတဲ့နေရာတွေကို မသွားရဲတာ၊ အသိမရှိတဲ့ နေရာကို မသွားရဲတာ၊ မစားဘူး မသောက်ဘူးသေးတဲ့အရာကို စားသောက်လိုက်ရင် တစ်ခုခုများ ဖြစ်သွား မလားဆိုတဲ့အတွေးနဲ့ မစားမသောက်ရဲတာ၊ ကိုယ်ကမှန်နေပါလျက်နဲ့ ပြန်မပြောရဲလို့ ငုံ့ခံနေရတာ စသည်ဖြင့် ထိတ်လန့်မှု ကြောက်ရွံ့မှုတွေကတော့ အများကြီးပါ။
“မှန်တယ် တရားတယ်” ဆိုတဲ့အရာတွေကို လုပ်ရဲအောင်၊ မဟုတ်မမှန်တာတွေကို တွန်းလှန်နိုင်စွမ်းတဲ့ သတ္တိရှိအောင် ဆိုပြီးတော့ ကြောက်ရွံ့မှုမှ ကင်းဝေးရေး ဆိုတဲ့ စာတစ်စောင် ပေတစ်ဖွဲ့အနေနဲ့ ရေးသားဖြန့်ဝေ ကြတာတွေလည်း ရှိပါတယ်။ အရမ်းကောင်းတဲ့ အကျိုးပြုစာပေတွေပါပဲ။ ဒါ့ကြောင့်လည်း စာဖတ်ပရိသတ်က လက်ခုပ်လက်ဝါးတီးကာ အားပေး လက်ခံကြတာပေါ့။ ဒီလိုမျိုး ထိတ်လန့် ကြောက်ရွံ့မှု ဆိုတာတွေကလည်း တကယ့်ကို မရှိသင့်တာပါ။ သတ္တိရှိစွာနဲ့ မိမိတို့ဘ၀ကို ရင်ဆိုင်ရဲ လျှောက်လှမ်းရဲရမယ်။
တုံ့ဆိုင်းတုံ့ဆိုင်း ချီတုံချီချဖြစ်နေတဲ့စိတ်တွေက မိမိတို့ ဘ၀တိုးတက်ရေး ဆောင်ရွက်ရာမှာ အင်မတန်ကြီးမားတဲ့ အနှောက်အယှက်တွေပါ။ ဒီလိုစိတ်မျိုးတွေ ၀င်မလာအောင် ကာကွယ်ရမယ်၊ ၀င်လာခဲ့ရင်လဲ ချိုးနှိမ် တိုက်ထုတ်ပစ်ရမယ်။ ဒါမှသာ လူပေါ်လူဇော် တစ်ယောက်ဖြစ်လာပြီး လောကလူသားတွေကို ကောင်းကျိုးပြု နိုင်မယ်၊ ကိုယ်ကိုယ်တိုင်က ထိတ်လန့်ကြောက်ရွံ့နေမယ်ဆိုရင် အများရှေ့က ဘယ်လိုလုပ် မားမားမတ်မတ် ရပ်နိုင်မှာလဲ၊ သူများက တွန့်ပို့လိုက်လို့ ရှေ့ကို ရောက်ပါစေဦးတော့၊ ကြောက်ဒူးတုန်နေမှာ မလွဲပါဘူး။ ဒါ့ကြောင့် လောကလူသားတွေကို ရှေ့ကနေ ဦးဆောင်မှုပေးနိုင်အောင် ထိတ်လန့်ကြောက်ရွံ့မှု တွေကို ဖယ်ရှားကာ သတ္တိရှိဖို့လိုပါတယ်။
ကြောက်တယ်ဆိုရာမှာ ကိုယ့်မှာ ကိုယ်ကျင့်သီလပျက်ပြားနေရင်လည်း ကြောက်ရွံ့မှုတွေဖြစ်တတ်ပါတယ်။ ဥပမာအားဖြင့် အရက်သေစာ သောက်စားပြီး မူးယစ်ရမ်းကားနေတဲ့သူတစ်ယောက်ဟာ သူဘာသာသူ အော်ဟစ် ကောင်း အော်ဟစ်နေပါလိမ့်မယ်။ သူတော်ကောင်းတွေနေတဲ့နေရာ တရားဟော တရားနာလုပ်နေတဲ့ အဆင့်အတန်းရှိတဲ့နေရာတွေမှာတော့ ၀င်မလာရဲပါဘူး။ ဒီလိုဖြစ်အောင်လည်း သူတော်ကောင်းတရားက (သူယုတ်မာတရားနဲ့) မိုးနဲ့မြေလို ဝေးကွာအောင်ကို လုပ်ပေးထားတာပါ။ ဒါကို ဓမ္မသတ္တိ- တရားစွမ်းအားလို့ သတ်မှတ်နိုင်ပါတယ်။ ကိုယ်ကျင့်တရားကောင်းခြင်းဟာ သတ္တိရှိခြင်း၊ လူတောတိုးဝံ့ခြင်း၊ ထိတ်လန့် ကြောက်ရွံ့မှု ကင်းခြင်းကို ဖြစ်စေနိုင်ပါတယ်။
ထိုနည်းတူစွာပါပဲ အခြားကိုယ်ကျင့်တရားတစ်ခုခု ပျက်ပြားနေတဲ့သူဟာလည်း ကိုယ့်စိတ်ကို မလုံဘဲ ကြောက်လန့်နေတတ်ပါတယ်။ တကယ့်တော့ ကိုယ့်စိတ်ကပဲ ကိုယ့်ကို ခြောက်လှန့်နေတာပါ။ အတ္တာနုဝါဒဘေး လို့ စာပေမှာ သုံးနှုံးပါတယ်။ “ကိုယ်ကျင့်တရား၊ ပျက်ပြားလေလေ၊ သူ့စိတ်တွေ၊ အနေမလုံတော့” ဆိုတဲ့ ဆရာသမားတွေရဲ့ ဆုံးမစကားကိုလည်း မှတ်သားဘူးပါတယ်။
“ပျက်အစဉ် ပြင်ခဏ” တဲ့။ ကိုယ့်ကိုယ်ကျင့်တရားတစ်ခုခု ပျက်ပြားနေရင်လဲ ပြင်လိုက်ရင်ခဏပါ။ စက္ကန့်ပိုင်း မီးနစ်ပိုင်းအတွင်းမှာ ပျက်သွားနိုင်သလို ကောင်းလဲကောင်းသွားနိုင်ပါတယ်။ အရေးကြီးတာက စိတ်ပဲ မဟုတ်လား။ “စိတ်တစ်ခုထိန်း အားလုံးငြိမ်း” လို့ ဆိုကြတာပဲကိုး။ ပျက်နေရာကနေ ပြင်လိုက်ရင် သူတော် ကောင်းတွေက ၀မ်းသာအယ်လဲ ကြိုဆိုကြစမြဲပါ။
ထိတ်လန့်ကြောက်ရွံ့ခြင်းမှာလည်း ကောင်းမြတ်တဲ့ ထိတ်လန့်ကြောက်ရွံ့ခြင်းဆိုတာ ရှိပါသေးတယ်။ ထိတ်လန့်တယ်ဆိုတာ စာပေသဘောအရ “သံဝေဂ” လို့ခေါ်ပါတယ်။ သံဝေဂဖြစ်ဖွယ်ရာ အကြောင်းတရား (သံဝေဇနိယဋ္ဌာန) သံဝေဂ၀တ္ထု ၈-ပါးရှိပါတယ်။ ၁. ဇာတိ-ပဋိသန္ဓေနေခြင်း၊ ၂. ဇရာ-အိုမင်းရခြင်း၊ ၃. ဗျာဓိ-နာဖျားရခြင်း၊ ၄. မရဏ-သေကျေပျက်စီးရခြင်း၊ ၅. အပါယဒုက္ခ-အပါယ်ဆင်းရဲ၊ ၆. အတီတ၀ဋ္ဋမူလကဒုက္ခ-အတိတ်၌ ၀ဋ်လျင်အကြောင်းရင်းရှိသော ဆင်းရဲ၊ ၇. အနာဂတ၀ဋ္ဋမူလကဒုက္ခ-အနာဂတ်၌ ၀ဋ်လျင် အကြောင်း ရင်းရှိသောဆင်းရဲ၊ ၈. ပစ္စုပ္ပန္န အာဟာရ ပရိယေသနမူလကဒုက္ခ-ပစ္စုပ္ပန်၌ အာဟာရကို ရှာမှီးခြင်းလျင် အကြောင်းရင်းရှိသောဆင်းရဲ ဆိုတာတွေပေါ့။ တကယ်စဉ်းစားမှ တကယ်သိတာပါ။
ဒီအရာတွေဟာ တကယ့်ကိုဆင်းရဲပါလား၊ ဆင်းရဲခြင်း အစစ်အမှန်တွေပါလားလို့ မိမိဉာဏ်နဲ့ သေသေချာချာ တွေးတောဆင်ခြင်မိရင်၊ ထိတ်လန့်ကြောက်ရွံ့ရင် “သံဝေဂဉာဏ်”လို့ ခေါ်ပါတယ်။ အဲဒီလို သံဝေဂ မရှိကြလို့လည်း တရား အသိစိတ်မ၀င်ကြတာပါ။ ဒီလို သံဝေဂဉာဏ်မျိုးရှိရှိနဲ့ တရားရှာရင် လျင်မြန်စွာ တရား ပေါက်နိုင်ပါတယ်။ “သံဝေဂမပါရင် တရားမရှာနဲ့” လို့တောင် ဘာသာဋီကာ ကျမ်းပြုဆရာတော်က မိန့်မှာသွားလေရဲ့။
မိမိကိုယ်တိုင် ဘ၀ကို ရဲဝံ့စွာနဲ့ လျှောက်လှမ်းနိုင်ဖို့၊ အများကို ဦးဆောင်မှုပေးနိုင်ဖို့ ထိတ်လန့် ကြောက်ရွံ့ခြင်း ကင်းဖို့ လိုအပ်သလို၊ သံသရာစက်ဝိုင်းတွင်းက လွတ်မြောက်ဖို့ ဘ၀ဆင်းရဲဒုက္ခများ ကင်းဝေးဖို့အတွက်တော့ ထိတ်လန့်ကြောက်ရွံ့ခြင်းရှိဖို့ လိုအပ်လှပါကြောင်း။…..
No comments:
Post a Comment