တစ်ခါတစ်လေကျတော့လည်း အလုပ်လုပ်နေရင်းနဲ့ အပျင်းစိတ်တွေက ၀င်လာပြီး လူကို နှိပ်စက်လား နှိပ်စက်လေရဲ့။ အလုပ်လုပ်နေရင် မပျင်းဘူးတဲ့၊ ပြောကြတာပဲလေ။ တစ်ချို့က ဒီလိုလဲ ဆိုကြသေး “အပျင်းရဲ့နောက်မှ အပျော်လာ” တဲ့။ တစ်ခါတစ်လေတော့လဲ ဟုတ်ပါရဲ့။
စာသင်သားလောကထဲမှာ ပြောကြတဲ့ စကားလေးတစ်ခွန်းရှိဘူးပလေ။ ဘာတဲ့ “ပျင်း-ပျော်-ပျက်-ပြေး၊ မန္တလေး” တဲ့။ မန္တလေးရောက်ခါစ စာသင်သားတွေဟာ ရောက်ခါစကတော့ အတော်ပျင်းကြတယ်တဲ့။ အနေကြာလို့ မန္တလေးရဲ့အထာနဲ့ စာသင်သား သဘာဝတွေကို သိလာပြီးတဲ့နောက်မှာတော့ ပျင်းရာကနေ ပျော်လာတယ်၊ အပျော်လွန်ပြီး ပျက်သွားကြတဲ့သူတွေ၊ နောက်တော့ တစ်ဖြေးဖြေးပျက်လာပြီးတော့ ပြေးကြပါလေရောတဲ့။
ဒီလိုဆိုတော့ “အပျင်းရဲ့နောက်မှာ အပျော်လာ”ဆိုတာ ဟုတ်မှာပေါ့။ စိတ်မနိုင်တဲ့အပျော်၊ မူမမှန်တဲ့အပျော်၊ မကောင်းတဲ့အပျော်မျိုးဆိုရင်တော့ အပျက်ကို ဦးတည်တော့မှာပဲလေ။ “ဖြစ်-ပျက်၊ ဖြစ်-ပျက်” ဆိုတဲ့တရားသဘောထဲမှာပါတဲ့ အပျက်ဆိုတာကတော့ အကောင်းဘက်ကို ဦးတည်တဲ့အပျက်ပဲ၊ ဖြစ်ပြီးရင် ပျက်တတ်ပါလားလို့ စဉ်းစားမိရင် ကုသိုလ်တောင် တိုးပွားလာသေးနော်။ အပျက်ဆိုတဲ့ စာလုံးချင်းတူပေမယ့် ဦးတည်ရာကတော့ မတူကြပေသကိုး။
စိတ်ဆိုတာကလည်း အမြဲတမ်း ပြောင်းလဲနေတာ မဟုတ်လား၊ အခု တစ်မျိုး တော်ကြာတစ်မျိုးနဲ့။ ဒါ့ကြောင့် “စိတ်ဆိုတာ မျောက်လိုပဲ” လို့တောင် ဆိုကြတာပဲလေ။ ပျော်စရာလေး ခဏကြုံတွေ့ရပြီးတော့လဲ ဒါလေး ထပ်မရရင် စိတ်က ပျင်းသလိုလို၊ ဟိုဟာလိုလို ဒီဟာလိုလိုနဲ့။ ခက်တော့ခက်ပါဘိ။ ဒါ့ကြောင့် ဘုရားရှင်က ဓမ္မပဒပါဠိတော်မှာ ဟောခဲ့တာပေါ့၊ ဘာတဲ့ “ဒုရက္ခံ ဒုန္နိဝါရယံ”။ စောင့်ရှောက်နိုင်ခဲ တားမြစ်နိုင်ခဲ၏-လို့ ဘာသာပြန်ရမယ်ထင်ပ။
သတ္တ၀ါတွေက “ပျော်ဖို့နဲ့ ပျော်နိုင်ဖို့” ဆိုတာအတွက် တစ်လှုပ်လှုပ် တစ်ကုတ်ကုတ်နဲ့ နေ့စဉ် အလုပ်ရှုတ်နေကြတဲ့ ကိုဖိုးရှုတ်တို့ အဖွဲ့သားတွေပဲ မဟုတ်လား။ တကယ်တော့ ပျော်နိုင်ဖို့ ရှာရတာက အချိန်အကြာကြီး၊ ပျော်လိုက်ရတာက ခဏလေးပါ။ ဒါကို “သမုဒ္ဒရာ၊ ရေမျက်နှာထက်၊ ခဏတက်သည့်၊ ရေပွက်ပမာ” လို့များ ဆင်ခြင်နိုင်ရင် ဓမ္မပီတိကို စွဲကိုင်နိုင်မိမှာ သေချာတာပေါ့ဗျာ။
ဒါပေမယ့် သတ္တ၀ါတွေဆိုတာ “အသိခေါက်ခက် အ၀င်နက်”တဲ့ အခက်ကောင်တွေ မဟုတ်လား။ ဒီလောက် ရက်ရက်စက်စက်ပြောရင်တောင် စကားလုံးကိုသာ နာချင်နာမယ်။ အပြောခံရတာကို နာပြီး တရားအသိရှိတဲ့သူက ခပ်နည်းနည်းရယ်။ ဒါကြောင့်လဲ “လိပ်ကျော ကြောင်ကော်၊ ပြောင်ချော်ချော်နဲ့” လို့ ဆိုကြတာပေါ့။ ဒါလဲ အမှတ်မထားပါဘူး။ ဟီ..ဟိ..ဟီ..ဟိ နဲ့တောင် ရယ်လိုက်သေးတယ်။
အပျော်အစစ်ကိုရချင်ရင်တော့ တရားနဲ့သာနေပါ၊ တစ်ခြားအဖော်မရှာပါနဲ့၊ အဖော်ရှာချင်ရင်လဲ တရားအဖော်သာ ရှာပါ။ တစ်ခြား အဖော်က ဒုက္ခပေးချင်ပေးဦးမယ်၊ တရားအဖော်က ဘယ်တော့မှ ဒုက္ခပေးရိုး ထုံးစံမရှိဘူး။ တရားနဲ့နေဖို့ဆိုတာ သတိကပ် အသိချပ်ပြီး အချိန်တော့ ယူရမှာပေါ့။ သတ္တ၀ါတွေက တရားနဲ့ ပျော်နေကြမှ မဟုတ်တာ။ လက်တို့ပြီးတော့ ပြောလိုက်ချင်ပါရဲ့ --- အပျော်အစစ်ကို ရချင်ရင် “ဓမ္မာရာမော ဓမ္မရတော” တရားအာရုံထားပြီး တရားနဲ့ ပျော်မွေ့ကြစမ်းပါလို့။
No comments:
Post a Comment